နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူသားမျိုးနွယ်များ စိတ်ကျန်းမာ ကိုယ်ကျန်းမာစွာဖြင့် ရှင်သန်ဖွံ့ဖြိုးရေး၊  တရားဥပဒေစိုးမိုးရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါး ပြဿနာသည် အဓိကအဟန့်အတားဖြစ်သည်သာမက အန္တရာယ်ကြီးမားသောအရေးဖြစ်သည်ကို သိမြင်နားလည်ထားကြသဖြင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအားလုံးကပါ ဝိုင်းဝန်းတိုက်ဖျက်နှိမ်နင်း လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းများကို      အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး အလေးထားတိုက်ဖျက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးကို လုံခြုံရေးရှုထောင့်မှသာမက လူမှုဘဝလုံခြုံစိတ်ချအေးချမ်း ရေးကိုပါရည်မှန်း၍ တားဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းပြီး မျက်ခြည်မပြတ်တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိအရေးယူမှုအပိုင်းကိုလည်း ပြည်သူများသိရှိစေရန်အတွက် စဉ်ဆက်မပြတ် သတင်းထုတ်ပြန်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ပိုမိုထိရောက်မှုရှိစေရန်ဩဂုတ်လ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအ္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံကာ လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်သမ္မတက “မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုအဖွဲ့၏လုပ်ငန်းတာဝန်များ အောင်မြင်မှုအတိုင်းအတာကို စိစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းများ စဉ်ဆက်မပြတ်ရှိစေလိုကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက နိုးနိုးကြားကြား တက်တက်ကြွကြွဖြင့် ယခုထက် ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြစေလိုပါကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်မှုများကို ပြည်သူပြည်သားများ နေ့စဉ် မြင်တွေ့ကြားသိနေရသည်။မူးယစ်ဆေးဝါးအန္တရာယ်သည် နိုင်ငံတော်၏အရေးကိစ္စဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နိုးကြားတက်ကြွစွာ   ဆောင်ရွက်ရမည်ဖြစ်သလို ပြည်သူများအနေဖြင့်လည်း ယခုထက် ပိုမိုဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရှိန်အဟုန်မြှင့်တင် တိုက်ဖျက်ကြရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်မှုကြောင့်    တစ်နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ဖောက်ကားမှု အမြောက်အမြားကိုဖမ်းဆီးနိုင်ခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့်စခန်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကုန်းတွင်းလမ်းကြောင်းများကို ထိန်းချုပ်နိုင်မှုကြောင့် ရေလမ်းကြောင်းဖြင့် ပြောင်းလဲသယ်ဆောင်လာသော မူးယစ်ဆေးဝါးများကိုလည်း ပိုက်စိပ်တိုက် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကုလသမဂ္ဂကွန်ဗင်းရှင်း၏ သဘောတူညီချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများပါ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် သားကောင်ဖြစ်ရသည့် သုံးစွဲမိသူများနှင့် မသိနားမလည်သော ဘိန်းစိုက်တောင်သူများအား အသိပညာပေး ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးရမည်ဖြစ်သည်

နယ်စပ်ဒေသများနှင့် တောင်ပေါ်ဒေသများတွင် ဘိန်းအစားထိုးစိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျဆောင်ရွက်ပေးရမည်ဖြစ်သည်။ သုံးစွဲသူများအား  မူးယစ်ဆေးဝါး၏ ဘေးအ္တရာယ်ကြီးမားပုံကို အသိပညာပေးရေး၊ မူးယစ်ဆေးဝါးပြန်လည်မသုံးစွဲနိုင်စေရန် ဆေးကုသပေးရေးနှင့် ပြန်လည်ထူထောင်ရေး၊ မူးယစ်ဆေးစွဲခဲ့သူများ၏ဘ၀ ပြန်လည်တည့်မတ် ဖွံ့ဖြိုးတိုးတက်လာ ရေးတို့ကို ဝိုင်းဝန်းချိတ်ဆက် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ  မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကိုတစ်စတစ်စလူညွန့်တုံးစေသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြီးမားသောအတားအဆီး အဟန့်အတားဖြစ်နေဆဲဖြစ်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတကြီး၏လမ်းညွှန်ချက်နှင့်အညီ အမျိုးသားရေးတာဝန်ဟု အလေးအနက်ခံယူပြီး ဝိုင်းဝန်းပူးပေါင်း  လက်တွဲတိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။     ။

ကြေးမုံ