မြန်မာနိုင်ငံ၊ အနောက်ဘက်ပိုင်းရှိ ချင်းပြည်နယ်၌နာမည်ကြီးသည့် သဘာဝအလှတရားများထဲတွင် ဘုံတလာရေတံခွန်လည်း ပါဝင်သည်။ ဘုံတလာရေတံခွန်သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ထီစောင်းကျေးရွာ နယ်မြေပိုင်ထဲတွင်တည်ရှိသည်။ ဘုံတလာဟူသောနာမည်သည် မတူလူမျိုးများ၏ အခေါ်အဝေါ်ဖြစ်သည်။ မတူစကားလို (Bung Tla)ဖြစ်သည်။ အထက်မှ အောက်သို့ စီစီရီရီစီးဆင်းလာခြင်းဟု အဓိပ္ပာယ်ရသည်။ မတူစကား (Bung Tla)ကို မြန်မာစာလို ဘာသာပြန်ရေးရာတွင် ဘုံတလာဟု သုံးနှုန်းရေးသားခြင်းဖြစ်သည်။ ယခုအချိန်တွင် ဘုံတလာရေတံခွန်ဟု နာမည်ကြီးလူသိများလာခဲ့သည်။

 

42017

 

ဘုံတလာရေတံခွန်သည် သဘာဝအလှသက်သက်ဖြင့် တည်ရှိနေပြီး ယနေ့တိုင်ဒေသခံပြည်သူများက ပြုပြင်မွမ်းမံခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းလည်း မရှိသေးပေ။ သဘာဝအလှအတိုင်းသာ ထားရှိကြသည်။ အဆင့်(၇)ဆင့်ရှိပြီး တစ်ဆင့်လျှင် ပေ(၆၀)ခန့်မြင့်သည်။ ဒုတိယအဆင့်တွင် လက်ယာဘက်မှ စီးဆင်းလာသည့် (Rhang Sii) ရိန်ဆီးချောင်းရေတို့နှင့် ပေါင်းစည်ကာ ဆက်လက်စီးဆင်းကြသည်။ နိုင်ငံတကာသတင်းနှင့် ပြည်တွင်းသတင်းများတွင်  ဖော်ပြမှုများပြားလာခြင်းကြောင့် နိုင်ငံခြားခရီးသွားများကလည်း စိတ်ဝင်စားမှုခံရပြီး ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံခြားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်နှုန်း ပိုမိုမြင့်တက်လာသည်။ 

 

812

 

ဗမာစကားကို လည်လည်ပတ်ပတ်မပြောတတ်သည့် မတူပီသားတစ်ယောက်က အတန်းတက်ဖော် အညာသားတစ်ယောက်အား မတူပီမြို့၊ ဘုံတလာရေတံခွန်သို့ အလည်လာရောက်ရန်ဖိတ်ခေါ်ရာ၌ “ချင်းပြည်နယ်၊ မတူပီမြို့မှာရှိတဲ့ ဘုံတလာရေတံခွန်ကိုလာလည်လေ၊ အင်မတန်ပျော်စရာကောင်းတယ်၊ ချင်းပြည်နယ်ရောက်တာနဲ့ ကားထဲကနေ ထင်းရှူးရနံ့ကြားစေရမယ်၊ ဘုံတလာရေတံခွန်ရောက်ရင် မြေကြီးမထိဘဲ ကျောက်ခဲပေါ်မှာ လမ်းလျှောက်စေရမယ်”ဟု လာလည်ရန်ဖိတ်ခေါ်ခဲ့လေ၏။ အညာသားကလည်း အဓိပ္ပာယ်ကိုသဘောပေါက်ဟန်ဖြင့် “ဟုတ်ကဲ့၊ လာလည်ချင်ပါတယ်”လို့ဆိုကာ ခေါင်းငြိမ့်ပြလိုက်သည်။ မတူပီသားမှ ပြောပြလိုသည့်လိုရင်းမှာ “ချင်းပြည်နယ်၊ မတူပီမြို့မှာ နာမည်ကြီးတဲ့ဘုံတလာရေတံခွန်ကို သူငယ်ချင်းလည်းအလည်လာခဲ့ပါ၊ ချင်းပြည်နယ်ရောက်တဲ့အခါ လေပြေညင်းလေးများက သယ်ဆောင်လာတဲ့ ထင်းရှူးရနံ့လေးတွေဟာ ကားကလေးစီးရင် သင်းပျံ့ရနံ့ရနေပါတယ်၊ မတူပီဘုံတလာရေတံခွန်ကို ရောက်တဲ့အခါ ဘုံတလာရေတံခွန်ပတ်ပတ်လည်ရှိ နံရံကမ်းပါးများနဲ့ မြေပြင်သားများဟာ ကျောက်ဆောင်၊ ကျောက်သားများနဲ့ ဝိုင်းရံကာရံနေတဲ့အတွက် မြေသာများမရှိပါ၊ ဒါကြောင့် အညာသားကိုဖိတ်ခေါ်ရာတွင် မြေကြီးမထိဘဲ ကျောက်ခဲပေါ်မှာ လမ်းလျှောက်စေမည်”ဟု ပြောလိုခြင်းဖြစ်သည်။

 

903

 

တည်နေရာအနေအထားနှင့် အလည်အပတ်များဖြင့်စည်ကား


ဘုံတလာရေတံခွန်သည် မတူပီမြို့၏ မြောက်ဘက်အရပ်၌ တည်ရှိပြီး မတူပီမြို့မှ ရှုမျှော်မြင်တွေ့နိုင်သည်။ မတူပီမြို့မှ (၁၅)မိုင်ခန့်သာ ဝေးကွာသည့် ဘုံတလာရေတံခွန်သို့ ကားလမ်းမပေါက်ရောက်မီ မတူပီမြို့မှ နေ့ဝက်ခြေကျင်ခရီးဖြင့် ဘုံတလာရေတံခွန်သို့ တစ်ညအိပ်၊ နှစ်ညအိပ်အဖြစ် သွားရောက်ကြရသည်။ ဘုံတလာ ရေတံခွန်အနီးပတ်ပတ်လည်တွင် အဖွဲ့အလိုက် တဲလေးထိုး၍ အိပ်ကြရသည်။ ၂၀၁၃ ခုနှစ်တွင် ဘုံတလာရေတံခွန်သို့ လည်ပတ်သူများ အဆင်ပြေချောမွေ့စေရန် နိုင်ငံတော်အစိုးရ၏ ရံပုံငွေဖြင့် ကားလမ်းများ တိုးချဲ့ခဲ့ပြီး ထီစောင်းရွာအနီးအထိ ကတ္တရာလမ်းခင်းကျင်းပေးခဲ့သည်။ မော်တော်ကားနှင့် ဆိုင်ကယ်များဖြင့် (၁၂)မိုင်အထိ အရောက်သွားနိုင်ပြီး ကျန်ရှိသည့် (၃)မိုင်ခန့်ကို ခြေကျင်ခရီးနှင်ရသည်။ ဒေသခံလူငယ်များ၊ အဖွဲ့အစည်းများ ပျော်ပွဲစားပြုလုပ်လိုပါက ဘုံတလာကိုသာ ရွေးချယ်ပြီး ပျော်ပွဲများသွားကြသည်။ ဒေသခံများက မတူပီမြို့သို့ ရောက်ရှိလာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ခြားမိတ်ဆွေများ၊ သူငယ်ချင်းများနှင့် တစ်ခြားဧည့်သည်တော်များကို ဘုံတလာရေတံခွန်အလှတရားဖြင့် ဧည့်ခံကြိုဆိုကြသည်။ မတူပီမြို့သို့ လာရောက်သူတိုင်းသည်လည်း ဘုံတလာရေတံခွန်သို့ မဖြစ်မနေသွားရောက်လည်ပတ်ကြသည်။ ဘုံတလာရေတံခွန်သို့ ရောက်ရောက်ချင်းတွင် အပေါ်ဆုံး အဆင့်(၃)ဆင့်ကို လှမ်းမြင်ရသည်။ အောက်ဘက်သို့ ဆက်ဆင်းပါက ဒုတိယအဆင့်တွင် ရောက်သည်။ တစ်ဆင့်နှင့်တစ်ဆင့် အလွန်မြင့်လွန်းသည့်အတွက် တတိယအဆင့်ထိသာ သွားလာနိုင်သည်။ ယခုချိန်တိုင် အပေါ်ဆုံးအဆင့်အထိ တက်ရောက်နိုင်သူမရှိခြင်းသည် ဘုံတလာရေတံခွန်၏ အထူးခြားဆုံးလည်းဖြစ်သည်။ အပေါ်ဆုံးအဆင့်သို့ တက်ရောက်နိုင်သူရှိသည်ဟု ကြားသိရသော်လည်း မည်သူမည်ဝါ၊ နာမည်နှင့်တစ်ကွ ဘယ်သူမှတိတိကျကျ မဖော်ပြနိုင်ပါ။ မှန်ပြောင်းဖြင့် လှန်းကြည့်ရာတွင် အပေါ်ဆုံးအဆင့်၌ လူတစ်ယောက်လုံး မတ်တပ်ရပ်နိုင်မည့် နေရာလည်း ရှိဟန်မတွေ့ရပါ။ ထို့ကြောင့် မည်သူမှလည်း တက်ရောက်နိုင်အောင် မစွန့်စားရခြင်းဖြစ်သည်။ ဘုံတလာရေတံခွန်သည် ထီစောင်းကျေးရွာ နယ်ပိုင်တွင်တည်ရှိပြီး ထီစောင်းကျေးရွာရှိ ရပ်မိ၊ရပ်ဖများနှင့် လူငယ်များက ဘုံတလာရေတံခွန်တွင် လာရောက်လည်ပတ်သူတိုင်း အမှိုက်များစနစ်တစ်ကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထားပေးခြင်း၊ အပေါ့ပါးသွားရန် အိမ်သာများ အသင့်တည်ဆောက်ပေးခြင်းနှင့် ဘုံတလာရေတံခွန်အရောက် ကုန်းဆင်းတွင် ကိုယ်ထူကိုယ်ထဖြင့် လှေကားထစ်လေးများ တည်ဆောက်ပေးထားကြသည်။ ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့် လာရောက်လည်ပတ်သူများ အဆင်ပြေချောမွေ့စေသည်။ 

သဘာဝကျောက်ဆောင်ပျားအုံများ

ဘုံတလာရေတံခွန်ပတ်လည်ရှိ ကမ်းပါးပေါ်တွင် သဘာဝကျောက်ဆောင်ပျားအုံများ စကောပုံစံဖြင့် တွဲလောင်းကျ၍ တည်ရှိခြင်းသည် ဘုံတလာရေတံခွန်၏အလှကို ထပ်မံမွမ်းမံပေးသည့် အရာတစ်ခုဖြစ်သည်။ ညနေနေဝင်ချိန်တွင် တောင်ပေါ်တောနက်အရပ်မှ အုပ်စုလိုက် ဆင်းလာသည့် ဒေသမျောက်အုပ်စုက ကျောက်ဆောင်ပျားအုံထဲရှိ ပျားရည်များကို လာရောက်စားသောက်ကြသည်။ ဒေသမျောက်အုပ်စုက ပျားအုံများ အစုလိုက်လုယက်စားနေပုံများကို ဘုံတလာရေတံခွန်ပတ်ပတ်လည်မှ လှမ်းမြင်နိုင်သည်။ 
ကျောက်ဆောင်ပျားများသည် မွေးမြူရေးပျားများထက် တစ်ဆကြီးသည်။ ဒေသခံများက ကျောက်ဆောင်ပျားများသည် မိမိရန်သူကို မှတ်မိသည်ဟု ယနေ့တိုင် ယုံကြည်ထားကြသည် (ထိုသို့ ယုံကြည်ရခြင်းသည် သမိုင်းအထောက်အထားရှိသည်)။ ဒေသခံများ၏ မှတ်တမ်းအရ တွဲလောင်းကျနေသည့် ကျောက်ဆောင်ပျားအုံများသည် ယခင် ၂၀ဝ၀ ခုနှစ်တွင် တစ်ထောင်နီးပါးရှိသော်လည်း ယခုတွင် (၅)ရာပင် မပြည့်နိုင်တော့ကြောင်း သိရသည်။ 

ဆေးဖက်ဝင်ဂမုန်းပင်များ

ထို့နည်းတူ ဆေးဖက်ဝင် ဂမုန်းပင်များလည်း ကျောက်ကမ်းပါးကြားနေရာအနှံ့တွင် သဘာဝအတိုင်း ပေါက်ရောက်ကြသည်။ ရှေးခေတ်လူကြီးများက ဗိုက်နာ၊ ဝမ်းလျှောသည့်အခါ ဂမုန်းပင်ကိုလာရောက် ခူးယူခဲ့ကြပြီး သဘာဝဆေးဝါးအဖြစ် အသုံးပြုကြသည်ဟု သိရသည်။ ဆေးဂမုန်းပင်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ လာရောက်လည်ပတ်သူများနှင့် ဒေသခံအချို့က ဝါးတုတ်များဖြင့် ခူးယူခြင်း၊ အိမ်တွင် အလှစိုက်ပျိုးရန် ခူးယူခြင်းများကြောင့်ဖြစ်သည်။

တစ်နှစ်ပြီးတစ်နှစ် တောင်ကျရေများ တဖြည်းဖြည်းခန်းခြောက်လာစပြုနေပြီ
နွေရာသီကာလနှင့် ဆောင်းရာသီကာလတွင် ဘုံတလာရေတံခွန်သို့ လာရောက်လည်ပတ်သူများဖြင့် အလွန်စည်ကားသည်။ ဘုံတလာရေတံခွန်သည် နွေကာလထက် မိုးတွင်းကာလတွင် တောင်ကျရေများပြီး ပို၍လှပသည်။ 

နွေကာလတွင် တောင်ကျရေများ ခန်းခြောက်လုနီးပါးရှိခြင်းကြောင့် မိုးတွင်းကာလကဲ့သို့ မလှနိုင်တော့ပြီ။ ဘုံတလာရေတံခွန်သို့ မိုးရာသီတွင် လာရောက်လည်ပတ်သူ နည်းပါးရခြင်းသည် ချင်းပြည်နယ်တွင် မိုးရာသီ၌ ကားလမ်းများမြေပြို၍ လမ်းပန်းဆက်သွယ်သွားလာရေး ခက်ခဲခြင်းကြောင့်ဖြစ်သည်။ မိုးရာသီကာလ ဘုံတလာရေတံခွန်၏ သဘာဝအလှတရားကို ရှုမြင်နိုင်သူနည်းပါးသည်။ ဒေသခံများပင် တော်ရုံဖြင့်မသွားနိုင်ပေ။ သို့သော် မိုးရာသီတွင် ဘုံတလာရေတံခွန် အရောက်သွားနိုင်သူများက မှတ်တမ်းယူလာသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများကို ဒေသခံများနှင့် ကြည့်ရှုသူတိုင်းက အလွန်နှစ်ခြိုက်သဘောကျကြသည်။ ဘုံတလာရေတံခွန်သည် ယခင် ၂၀ဝ၀ ခုနှစ်၊ နွေရာသီကာလတွင် တောင်ကျရေများ များနေခြင်းကြောင့် အလွန်လှပနေသေးသည်။ ယခင်လူကြီးများ၏ ဓာတ်ပုံဟောင်းများကို ပြန်လည်ကြည့်ရှုခြင်းအားဖြင့် သိနိုင်သည်။ ယခုတွင်မူ တောင်ကျရေများ သိသိသာသာလျော့နည်းလာပြီး နွေရာသီကာလ၌ လေတိုက်ဒဏ်ကိုပင် မအံတုနိုင်တော့ပြီ။ နောင်နှစ်အနည်းငယ်အကြာတွင် တောင်ကျရေ ခန်းခြောက်သွားမည်ဆိုလျှင် ဘုံတလာရေတံခွန်သည် အပေါ်အဆင့်(၅)ဆင့်အထိ ပျောက်ကွယ်သွားမည်ဖြစ်ပြီး လက်ယာဘက်မှ စီးဆင်းလာသည့် (Rhang Sii) ရိန်ဆီးချောင်ရေနှင့် ပေါင်းဆုံစီးဆင်းသည့် ပထမအဆင့်နှင့် ဒုတိယအဆင့်(၂)ဆင့်သာ ကျန်ရှိတော့မည်ဖြစ်သည်။

တောင်ကျရေနည်းပါးရခြင်း အဓိကအကြောင်းရင်းသည် တောင်ကျရေပတ်လည်ရှိ သစ်တောများပြုံးတီးခြင်းကြောင့် ဖြစ်သည်။ တောင်ကျရေနှင့် နီးစပ်သည့် ကျေးရွာများက တောင်ကျရေပတ်ပတ်လည်နားတွင် တောင်ယာခုတ်ထွင်ခြင်း၊  ဒေသခံအချို့က ဘုံတလာရေတံခွန်အလွန်တွင် သစ်များခိုးထုတ်ခြင်းကြောင့်ဖြစ်သည်။ ဘုံတလာရေတံခွန်အလွန်သို့ ဒေသခံများတစ်ချို့ အလွယ်တစ်ကူ သွားလာနိုင်သော်လည်း သာမာန်လူများမူ သွားရောက်နိုင်ရန် အင်မတန်ခက်ခဲသည်။ ဘုံတလာရေတံခွန်အလွန်သို့ သွားရောက်နိုင်သူနည်းပါးပြီး ဒေသခံမုဆိုးများသာ သွားလာနိုင်ကြသည်။ ဘုံတလာရေတံခွန်ပတ်လည်ကို ဘေးမဲ့တောအဖြစ် မတူပီမြို့၊ သစ်တောဦးစီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။ သို့သော် အရာမထင်ပေ။ ဒေသခံပြည်သူများက ဘုံတလာရေတံခွန်၏ အလှတရားကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ဥပဒေနှင့်အညီ ထိရောက်သည့် ဘေးမဲ့တောနှင့် သစ်တောထိန်းဧရိယာကို သတ်မှတ်အကောင်အထည်ဖော်ဆောင်ရန် လိုလားကြသည်။

သစ်တောဖြုန်းတီးမှုကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင်ပါက နောက်နှစ်အနည်းငယ်အကြာတွင် ဘုံတလာရေတံခွန်၌ စီးကျလာသည့်တောင်ကျရေမှာ ခန်းခြောက်နိုင်သည်ဟု ဘုံတလာကိုချစ်နိုးသည့် လေ့လာသူများနှင့် ဒေသခံပြည်သူများက သိထားကြသော်လည်း မည်သူကမျှ လှုံ့ဆော်မှုများ၊ ပညာပေးများ၊ အသိပညာဆိုင်းဘုတ်များ စိုက်ထူခြင်းမရှိသေးပါ။ ယခင် ၂၀ဝ၀ ခုနှစ် နွေရာသီကာလ ဘုံတလာရေတံခွန်၏ တောင်ကျရေနှင့် ယခု ၂၀၁၉ ခုနှစ် ဘုံတလာရေတံခွန်၏ တောင်ကျရေသည် အလွန်ကွာခြားနေပြီဖြစ်သည်။ ဘုံတလာရေတံခွန်အလှကြောင့် ချင်းပြည်နယ်နှင့် မတူပီမြို့ကို ကမ္ဘာသိအောင် ပေါ်လွင်ထင်ရှားစေသည့် သဘာဝအလှဆိုလျှင်လည်း မှားမည်မထင်ပါ။ 


ယင်းအဖြစ်ကို မတူမြို့နယ်၊ ဒေသခံအားလုံးက သတိထားမိသော်လည်း ယခုနေ့တိုင် ဘုံတလာရေတံခွန်ကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်ရန်အတွက် လူမှုအဖွဲ့အစည်းများနှင့် ဥပဒေများမရှိခြင်းသည် အင်မတန်ဝမ်းနည်းစရာ ကောင်းလှသည်။

ထိရောက်သည့် ဥပဒေချမှတ်ပြီး ထိန်းသိမ်းကာကွယ်သင့်ပြီ

ဘုံတလာရေတံခွန်သည် မြန်မာနိုင်ငံနှင့် ချင်းပြည်နယ်တို့၏ သဘာဝကြေးမုံအလှလည်းဖြစ်သည်။ ချင်းပြည်နယ်တွင် သစ်ပင်များသဘာဝအတိုင်း ပေါက်ရောက်ကြီးထွားနှုန်းလျင်မြန်သည်။ ဘုံတလာရေတံခွန်ကို ထိန်းသိမ်းကာကွယ်ရန်အတွက် သစ်ပင်များ ထပ်မံစိုက်ပျိုးစရာမလိုအပ်ဘဲ ဘုံတလာရေတံခွန်တောင်ကျရေနှင့် သုံးမိုင်ပတ်လည်ရှိ သစ်ပင်များခုတ်ထွင်ခြင်း၊ တောင်ယာများခုတ်ထွင်ရာမှ ကြိုတင်ကာကွယ်ခြင်း၊ သစ်ခိုးထုတ်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ပါက အချိန်မီပါသေးသည်။ ဘုံတလာရေတံခွန်အလှကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ရန် အင်မတန်အရေးကြီးနေပြီဖြစ်သည်။ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိဘဲ လျစ်လျူရှုမည်ဆိုပါက နောင်နှစ်အနည်းငယ်အကြာ၌ နွေရာသီတွင် တောင်ကျရေခန်းခြောက်ပြီး မိုးရာသီကာလ တောင်ကျရေများမှသာလျှင် ဘုံတလာရေတံခွန်အလှသည် ပေါ်လွန်လာတော့မည်ဖြစ်သည်။ ဘုံတလာတောင်ကျရေ ခန်းခြောက်မည်ဆိုပါက မြန်မာနိုင်ငံနှင့် ချင်းပြည်နယ်တို့၏ သဘာဝအလှတရားတစ်ခု ပျောက်ကွယ်ခြင်းလည်းဖြစ်သည်။ မတူပီမြို့သည်လည်း ပြည်တွင်း၊ ပြည်ပ စိတ်ဝင်စားမှု လျော့နည်းမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ကလောင်အမည်- ချင်းလဲန်း(Chin Land)