ဟင်္သာတ ၁၂ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၁ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်တို့က အမှာစကားပြောကြားပြီး ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညီညီလွင်နှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်မြတ်ဆွေတို့မှ တိုင်းဒေသကြီးနှင့် ဟင်္သာတမြို့နယ်အတွင်း အာဟာရလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ် ကျောင်းကျန်းမာရေးနေ့အထိမ်းအမှတ် မူလတန်းဆင့် ပန်းချီပြိုင်ပွဲနှင့် အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်း၊ တိုင်း(၁)လွှတ်တော်ကိုယ်စားလှယ်(၁) ဦးကျော်စိုး၊ တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦးနှင့် ခရိုင်နှင့် မြို့နယ်ဌာဆိုင်ရာ တာဝန်ရှိသူများက ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးကြပြီးနောက် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာလာမျိုးနှင့်အဖွဲ့က ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ရေးပစ္စည်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်ပြခန်းအား လွှတ်တော်ကိုယ်စားလှယ်များနှင့် အခမ်းအနားသို့ တက်ရောက်ရောက်လာသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)