ပဲခူး ၁၂ သြဂုတ်
ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီး တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့် သမိုင်းဝင် ဒေးစွန်ပါ စေတီတော်မြတ်ကြီး၏ အနီးရှိ မာန်လျှော့တောင်သည် သြဂုတ် ၁၁ ရက် နံနက် ၆ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ပြိုကျမှုကြောင့် ဒေးစွန်ပါတောင်တန်းတွင် တောင်နိမ့်ပေါင်း (၂၀)ခန့်ရှိသည့်အနက် နဂါးရုံဘုရားတည်ထားရာ မာန်လျှော့တောင်သည် ဘုရားတည်ဆောက်နေမှု ပြီးဆုံးမှုမရှိမီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နဂါးရုံဘုရား ပြိုကျလုနီးပါးအထိ ဖြစ်ပေါ်ခဲ့ပြီး ဘုရားသို့ သွယ်တန်းထားသော မီးတိုင်များပါ လဲပြိုခဲ့ကြောင်း သိရသည်။
"လူတွေကိုထိခိုက်မှု မရှိပေမယ့် ဘုရားကို သွယ်တန်းထားတဲ့ မီးတိုင်တွေလဲခဲ့ပြီး ကြိုးတွေ အများအပြား ပြတ်တောက်ခဲ့ပါတယ်၊ လတ်တလောအနေနဲ့ ဂေါပကအဖွဲ့ကတော့ တက်နိုင်သလောက် တုတ်တန်းတွေ ရိုက်ပေးရုံပဲ ရှိပါတယ်” ဟု ဒေးစွန်ပါ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်က ပြောသည်။
ဒေးစွန်ပါ သာသနာ့မြေသည် (၃၂၆ ဒသမ ဝ၂)ဧက အကျယ်အဝန်းရှိပြီး ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတည်ရှိကာ တောတောင်လျှိုမြောင် ချိုင့်ဝှမ်းများနှင့် သစ်ဝါးပေါများသော ဒေသဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


