ထားဝယ် ၁၂ သြဂုတ်
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဉက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးဟိုပင်က နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များအခွင့်အရေး အပြည့်အဝ ရရှိစေရေးနှင့် လူငယ်များ၏ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ဦးဆောင်မှုနှင့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UN Agencies များဖြင့် ပူးပေါင်းပြီး ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ လူငယ်ရေးရာမူဝါဒ ထွက်ရှိပြီး မူဝါဒမှာပါဝင်သော လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ပညာရေး၊ ကျန်းမာရေးနှင့် အားကစား၊ အလုပ်အကိုင် အခွင့်အလမ်း၊ ကျား/မရေးရာ၊ မူးယစ်ဆေးဝါး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အစရှိသော ကဏ္ဍများကိုလည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နိုင်မည့် စွမ်းရည်ပြည့်ဝသော လူငယ်များ၊ သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များအဖြစ် ပျိုးထောင်ပေးနိုင်ပြီး နိုင်ငံသားကောင်း လူငယ်များ ပေါ်ထွန်းလာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် (ALC) မှ ကိုသန့်ဇင်စိုးက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက်(ALC)မှ လူငယ်များက ကဗျာများ ရွတ်ဖတ်၍ တက်ရောက်လာသူများအား တစ်ခန်းရပ်ပြဇာတ်ဖြင့် တင်ဆက်ပြသခဲ့သည်။
ဆက်လက်၍ လူငယ်များက အပြောင်းအလဲအတွက် ဦးဆောင်လှုပ်ရှားနေသော လူငယ်များ၏ ဘဝအတွေ့အကြုံများအကြောင်း၊ ဒေသအတွင်း လုပ်ဆောင်လျက်ရှိသော လူငယ်စွမ်းရည် မြှင့်တင်ရေး အစီအစဉ်များကို ဆွေးနွေးပြောကြားပြီး ထားဝယ် ရေအိုးရွက်အကနှင့် တေးဂီတသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို လူငယ်အားလုံးပါဝင်လို့ ပညာရေးစနစ်ကို ပြောင်းလဲကြပါစို့ ဆောင်ပုဒ်နှင့်အညီ Action & Learning Community (ALC)နှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)


