မန္တလေး ၁၂ သြဂုတ်
မန္တလေးမြို့တွင် ဆေးဝါးဖိုးမတတ်နိုင်သည့် လူနာများအတွက် လိုအပ်သည့်ဆေးဝါးများ ပံ့ပိုးပေးနိုင်ရန် Medicine Box ထားရှိပေးရန် စီစဉ်နေကြောင်း မန္တလေးမြို့ ပန်းပျိုးသူများပရဟိတအဖွဲ့မှ သိရသည်။
လက်ရှိတွင် လှူဒါန်းလာသော ဆေးဝါးများကို လက်ခံပေးနေပြီး လိုအပ်သူများကို လှူဒါန်းမှု ပြုလုပ်နေကာ တိုးချဲ့အနေဖြင့် ဆေးရုံများတွင် Medicine Box များထားရှိရန် စီစဉ်နေကြောင်း သိရသည်။
“တစ်ချို့ကျတော့ ဆေးဖိုးမတတ်နိုင်ကြဘူးလေ။ အဲ့တာကြောင့် ခုလိုလုပ်ဖြစ်တာပါ။ ဆေးတွေကိုတော့ လူနာဆီကို တိုက်ရိုက်မလှူဘူး။ ဆေးရုံကဆရာဝန်တွေဆီကနေ ဒီလူနာက ဘာဖြစ်တယ်ဆိုတာကို ဆေးညွှန်းတွေယူပြီး ဘာတွေလိုအပ်တယ်ဆိုတာကို ဆရာဝန်ကနေတစ်ဆင့် လှူမယ်၊ နောက်ပြီး မန္တလေးက ဆေးရုံတိုင်း ဆေးရုံတိုင်းမှာ Medicine Box ထားဖို့အတွက် ဆေးရုံကတာဝန်ရှိတဲ့ သူတွေနဲ့ တိုင်ပင်နေတယ်။ အခုလောလောဆယ်တော့ ဆေးဝါးလာလှူတဲ့သူတွေ ငွေကြေးလာလှူတဲ့သူတွေတော့ ရှိတယ်”ဟု ပန်းပျိုးသူများပရဟိတအဖွဲ့မှ ကိုကောင်းကောင်းက ပြောသည်။
လက်ရှိ Medicine Box အစီအစဉ် မစတင်မီအချိန်တွင် လာရောက်လှူဒါန်းထားသော ဆေးများကို ရက်လွန်မှုမဖြစ်မီ အချိန်မီအသုံးပြုနိုင်ရန်အတွက် ပန်းပျိုးသူပရဟိတအဖွဲ့မှ ဆေးအမျိုးအစားများခွဲကာ လိုအပ်သောဆေးရုံများသို့ သွားရောက်လှူဒါန်းနေကြောင်း သိရသည်။
ထို့ပြင် အသုံးမပြုတော့သည့် ဝှီးချဲ၊ ချိုင်းထောက်၊ ဆေးရုံသုံးပစ္စည်းများကိုလည်း လှူဒါန်းနိုင်ပြီး ပိုသူမှ လိုသူသို့ Medicine Box အစီအစဉ်တွင် လှူဒါန်းနိုင်ကြောင်း သိရသည်။
လှူဒါန်းလိုပါက ကိုကောင်းကောင်း ဖုန်း ဝ၉ - ၄၀၂၅၂၂၇၃၆၊ ဒေါက်တာဇင်ဇင်ထွန်း ဖုန်း ဝ၉-၉၆၃၄၁၂၃၀၃ ၊ Everyone Car Showroom လမ်း ၆၀၊ ၃၆ လမ်း-၃၇လမ်းကြား ကားပွဲစားတန်းဝင်ပေါက် မျက်နှာချင်းဆိုင်သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။
သူရိန်လင်း


