မန္တလေး ၁၂ သြဂုတ်
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းပေါင်း ၂၅၆ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်တိုးထံက သိရသည်။
“ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မြင်းခြံ၊ အမရပူရ၊ တံတားဦး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၂၅၆ ကျောင်းကို ဇူလိုင်လ ပြီးခဲ့တဲ့ အပတ်ထဲကပဲ အကုန်ပြန်ဖွင့် နိုင်ခဲ့တယ်။ ပိတ်လိုက်ရတဲ့ အချိန်တွေအတွက် သင်ရိုးညွှန်းတန်းတွေ မမီတာတွေကို အစားထိုးသင်ကြားမှုတွေ ပြုလုပ်သွားမယ်။ ကျန်တဲ့ကျောင်းတွေက တစ်ပတ်ကို ၂ ရက်ပိတ်ရင် ပိတ်ထားရတာကျောင်းတွေကို အစားထိုးအနေနဲ့ တစ်ပတ်ကို တစ်ရက်ပဲပိတ်မှာပေါ့”ဟု ဦးခင်မောင်တိုးက ပြောသည်။
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်အတွင်းရှိ ပိတ်ထားရသည့် အခြေခံပညာကျောင်းများအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း ၃၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၇၀၊ အခြေခံပညာမူလတန်းကျောင်း ၁၅၂ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း


