ဆိပ်ဖြူ ၁၂ သြဂုတ်
ပခုက္ကူမြို့နယ် တန့်ကြည့်တောင် ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်မည့် ဘုရားဖူးပြည်သူများ သွားလာမှု လွယ်ကူစေရန် ဆိပ်ဖြူဘူတာမှ တန့်ကြည့်ဘူတာသို့ RBE လူစီးအထူးရထားများကို သြဂုတ် ၁၃ ရက်မှ စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန့်ကြည့်တောင် စွယ်တော်မြတ်စေတီသည် ပုဂံယဉ်ကျေးမှုနယ်မြေ၏ ရှေးဟောင်းသမိုင်းဝင် စွယ်တော်လေးဆူအနက် တစ်ဆူအပါဝင်ဖြစ်၍ နှစ်စဉ် ဝါခေါင်လပြည်နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူအများ၊ ဒေသခံပြည်သူများဖြင့် စည်ကားသော ဘုရားပွဲတော်တစ်ခု ဖြစ်သည်။
တန့်ကြည့်တောင် ဗုဒ္ဓပူဇနိယပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများ သွားလာမှုလွယ်ကူစေရန် မြန်မာ့မီရထား တိုင်းအမှတ် (၁၀)ပခုက္ကူက နှစ်စဉ် RBE လူစီးအထူးရထားများကို ပြေးဆွဲပေးလျက်ရှိရာ ယခုနှစ်တွင် ဘုရားပွဲတော်ကာလဖြစ်သည့် သြဂုတ် ၁၃ ရက်မှ ၁၅ ရက်အထိ ပုံမှန်ရထားစီးနင်း ဈေးနှုန်းများအတိုင်း ဆိပ်ဖြူ-ပခုက္ကူ ပုံမှန်ရထားနှင့် ဆိပ်ဖြူ-တန့်ကြည့်တောင် RBE လူစီးအထူးရထားများကို တစ်နေ့ (၃)ကြိမ် ပြေးဆွဲပေးသွားမည်ကြောင်း မြန်မာ့မီရထား တိုင်းအမှတ်(၁၀) ပခုက္ကူမှ လက်ထောက်တိုင်းမန်နေဂျာ ဦးခင်မောင်ဌေးက ပြောသည်။
နေ့ချင်းပြန် ဘုရားဖူးများအတွက် ဆိပ်ဖြူ-တန့်ကြည့်တောင် RBE လူစီးအထူးရထားများကို နံနက် ၇ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ညအိပ်ဘုရားဖူးများအတွက် ဆိပ်ဖြူ-ပခုက္ကူ ပုံမှန်ရထားမှ မွန်းလွဲ ၂ နာရီတွင် လည်ကောင်း၊ ဆိပ်ဖြူ-တန့်ကြည့်တောင် RBE လူစီးအထူးရထားများကို ညနေ ၆ နာရီ ၁၅ မိနစ်တွင် အစုန်အဆန် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဘုရားဖူးခရီးသွား ပြည်သူများအတွက် ရထားလမ်းပိုင်းများကိုလည်း စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
စိုးလင်းနိုင်(ပြန်/ဆက်)


