နေပြည်တော် ၁၂ သြဂုတ်
အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် စာရင်းစံများ၏အရေးပါမှုအား သတိပြုမိစေရန်အတွက် European Union Trust Fund နှင့် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီတို့ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “Myanmar Public Sector Accounting Conference”ကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာစာရင်းပညာရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်း/ လုပ်ငန်းနယ်ပယ်များမှ ပညာရှင် ၁၃ ဦးတို့က မြန်မာနိုင်ငံ၏ ပြည်သူ့ကဏ္ဍစာရင်းရေးသွင်းစနစ် ပြုပြင်ပြောင်းလဲရေး အခြေအနေများ၊ နိုင်ငံတကာ ပြည်သူ့ကဏ္ဍစာရင်းစံ (International PublicSector Accounting Standards – IPSAS) သို့ ကူးပြောင်းရာတွင် အဓိကအကျိုးသက်ရောက်သည့် အချက်များ၊ IPSAS ကို လက်ခံကျင့်သုံးနေပြီဖြစ်သော နိုင်ငံ (၂) နိုင်ငံ၏ အတွေ့အကြုံများနှင့် ပုဂ္ဂလိကကဏ္ဍတွင် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းများစံသို့ ကူးပြောင်းဆောင်ရွက်မှု အခြေအနေများကို ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြခဲ့သည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိဂုံးချုပ် အမှာစကားပြောကြားသည်။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံပိုင်ကဏ္ဍတွင် စီမံခန့်ခွဲမှု ခိုင်မာမှုရှိစေရေး၊ ပိုင်ဆိုင်ပစ္စည်းများ ထိရောက်စွာ စီမံခန့်ခွဲအသုံးချနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်ရေး၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ကောင်းမွန်စေရေးနှင့် အစိုးရအဖွဲ့အစည်းများ၏ စာရင်းများပွင့်လင်းမြင်သာမှု၊ တစ်ပြေးညီစာရင်းပြုစု ထိန်းသိမ်းမှု၊ စာရင်းများ တိကျပြည့်စုံမှုရှိရေးတို့သည် လွန်စွာအရေးကြီးသည့် အခြေအနေတစ်ရပ် ဖြစ်သည့်အတွက် နိုင်ငံပိုင်ကဏ္ဍအစိုးရဌာန အဖွဲ့အစည်းများ၌ နိုင်ငံတကာစာရင်းစံများကို လိုက်နာကျင့်သုံး၍ ငွေသားစီးဆင်းမှုအခြေခံမှ စေ့ရောက်မှုအခြေခံသို့ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းရောက်ရှိပြီး မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အားကောင်းသည့် ပွင့်လင်းမြင်သာမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံရန်နှင့် နိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရန်အတွက် လိုအပ်သော ရန်ပုံငွေ ကူညီထောက်ပံ့ပေးသူများ၊ အလှူရှင်များတိုးမြင့်လာခြင်း စသည့် အခြေအနေ ကောင်းများဖြစ်ထွန်းမှုတွင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးရလဒ်များ ရရှိစေမည်ဟု မျှော်မှန်းကြောင်း သိရသည်။
သတင်းစဉ်


