နေပြည်တော် ၁၂ သြဂုတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် သြဂုတ် ၁၁ ရက်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ နေရာချထားရေးအတွက် မောင်တောဒေသတွင် အိမ်ရာများတည်ဆောက်လျက်ရှိသော အိုးထိန်းစခန်းသို့ ရောက်ရှိခဲ့ကြရာ စခန်းအဝင်လမ်း ကျောက်ချောလမ်းခင်းထားမှုနှင့် အိမ်ရာ တည်ဆောက်မှုများအား စစ်ဆေးခဲ့ကြပြီး ဒုတိယဝန်ကြီးက အိမ်ရာများ ၁၀ဝ ရာခိုင်နှုန်း ပြီးနေပြီဖြစ်သော်လည်း အိမ်ရာအဝင်မြောင်းကူးတံတားများ၊ အိမ်ရာအတွင်းလမ်းများ ဆောင်ရွက်ပေးရန်နှင့် မိုးတွင်း၌ ပျက်စီးမှုအခြေအနေများကို စောင့်ကြည့်ပြီး ပြုပြင်ပေးသွားရန် မှာကြားသည်။ အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသွားသော တိုင်းရင်းသားများအတွက် UEHRD မှ အိမ်ရာ (၇၂)လုံး၊ ဂျပန်နိုင်ငံမှ (၅၀)လုံးနှင့် Community Centre (၁)လုံး တည်ဆောက်ပေးထားရာ ၁၀ဝ ရာခိုင်နှုန်း ပြီးစီးနေပြီး စုစုပေါင်းအိမ်ရာ (၁၂၂)လုံးမှာ အဆင့်သင့် တက်ရောက်နေထိုင်နိုင်ပြီး ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြိမ်ချောင်းတောင်စခန်းတွင် တည်ဆောက်လျက်ရှိသော စခန်းအဝင်လမ်း ကျောက်ချောလမ်းခင်းထားမှုနှင့် စခန်းအတွင်း အိမ်ရာများတည်ဆောက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ကြိမ်ချောင်းတောင်စခန်းတွင် UEHRD မှ အိမ်ရာအလုံး(၁၀ဝ)၊ အိန္ဒိယနိုင်ငံမှ အိမ်ရာအလုံး(၆၀)၊ ဂျပန်နိုင်ငံ မှ အိမ်ရာ(၅၁)လုံး နှင့် Community Centre (၁)လုံး တည်ဆောက်ကြရာ အားလုံး ၁၀ဝ ရာခိုင်နှုန်း ပြီးစီးနေသဖြင့် စုစုပေါင်းအိမ်ရာ (၂၁၁) လုံးမှာ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက နေထိုင်ရန် အဆင့်သင့်ဖြစ်နေကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက ကြားစခန်း(Transit Camp) အဖြစ် ဆောင်ရွက်ထားရှိမည့် လှဖိုးခေါင် စခန်းသို့ ရောက်ရှိခဲ့ကြရာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူးက အဆောက်အဦများ တည်ဆောက်ထားရှိမှုနှင့် ယခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦအချို့အား ပြန်လည်ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြားစခန်းတွင် ယာယီနေထိုင်သူများအတွက် ကျွေးမွေးရေးအစီအစဉ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။ ကြားစခန်းတွင် အဆောက်အဦ(၆၂၃)လုံးရှိပြီး တစ်လုံးလျှင် မိသားစု(၈)စု နေထိုင်နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါစခန်းတွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသော Assemble Board House (၁၀၉၀) လုံး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ အလုံး(၉၀)မှာ နေရာချထားပြီး အုတ်ရေကန်၊ ရေဘုံဘိုင်၊ အိမ်သာနှင့် မိလ္လာကန်များအားလုံး ဆောင်ရွက်ထားပြီး နေထိုင်ရန်အသင့်ဖြစ်နေပြီးဖြစ်ကြောင်း၊ အလုံး(၁၀ဝ)မှာ အဆင်သင့် တပ်ဆင်ထားပြီး နေရာချထားရန်သာ ကျန်ရှိကာ ကျန်အလုံး(၉၀ဝ)မှာ စခန်းအတွင်းထားရှိပြီး ပြန်လည်ဝင်ရောက်လာမည့် လူဦးရေပေါ်မူတည်ပြီး လိုအပ်သလိုဆောင်ရွက်ပေးသွားရန် အဆင်သင့်ပြင်ထားကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သက္ကယ်ပြင်အိမ်ရာစခန်းနှင့် နေရပ်စွန့်ခွာသွားသော ဟိန္ဒူဘာသာဝင်များ နေထိုင်ရန်အတွက် ရွှေဇားအိမ်ရာစခန်းတွင် အိန္ဒိယနိုင်ငံမှ ဆောက်လုပ်လှူဒါန်းထားသော အိမ်ရာများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မောင်တောခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး မိမိတို့ကျရာတာဝန်မှာ စေတနာထားပြီး အကောင်းဆုံးဆောင်ရွက်သွားကြရန် လုပ်ငန်းများအားလုံး အဆင်ပြေစေရန်အတွက် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


