မန္တလေး ၁၂  သြဂုတ်


အိမ်သုံးရေသန့်စက်များဖြင့် ရေသန့်ထုတ်လုပ်ရောင်းချမှုများကို ရှောင်တခင်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)၊ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်နီနီအေးက ပြောသည်။


ယနေ့ မန္တလေးမြို့တွင် ကျင်းပပြုလုပ်သည့် Approaches to Purified Drinking Water Treatment သင်တန်းတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။  


‘ အိမ်မှာ Domestic လို့ခေါ်တဲ့အိမ်သုံး ရေသန့်စက်သေးသေးလေးတွေနဲ့ Public ကိုရောင်းတဲ့ကိစ္စတွေ ရှိပါတယ်။ မြို့နယ်တော်တော်များများက ပြောလာတဲ့အခါကျတော့ တိုင်ကြားတာတွေကို တစ်ခုချင်း ရုံးနဲ့နီးစပ်တဲ့မြို့နယ်တွေဆိုရင် ချက်ချင်းအရေးယူမှာပါ။ ဝေးတဲ့နေရာဆိုရင် ရှောင်တခင်အရေးယူတာတွေ ဆောင်ရွက်သွားမှာပါ’ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)၊ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်နီနီအေးကပြောသည်။


အိမ်သုံးရေသန့်စက်မျာဖြင့် ရေသန့်ရောင်းချနေမှုများအတွက် တိုင်ကြားစာလက်ခံရရှိထားကြောင်း နှုတ်ဖြင့်တိုင်ကြားမှုများလည်းရှိကြောင်း သိရသည်။


သောက်ရေသန့် ထုတ်လုပ်ရောင်းချသူများသည် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်ရန်၊ နေ့စဉ်ထုတ်လုပ်သည့် ထုတ်ကုန် အရည်အသွေး စံမီရေးစစ်ဆေးထိန်းသိမ်းရန် မှတ်တမ်းထားရှိဆောင်ရွက်ရန် စသည့်အချက်များ လိုအပ်ကြောင်း သိရသည်။


ထောက်ခံချက်မရှိပဲ ထုတ်လုပ်ခြင်း၊ ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ ထုတ်လုပ်မှုမရှိသည့် ရေသန့်ထုတ်လုပ်ရောင်းချသူများအား စစ်ဆေးကာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ကြောင်း သိရသည်။


အိမို့မို့မို့ခိုင်