နေပြည်တော် ၁၂ သြဂုတ်
ပေါင်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာနေရာတွင် ယနေ့ နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ နံနက် ၇ နာရီ ၃၃ မိနစ်တွင် သေဆုံးသူ ရုပ်အလောင်း (၁)လောင်း၊ ၁၀ နာရီ ၅ မိနစ်တွင် ရုပ်အလောင်း (၂)လောင်းနှင့် ၁၁ နာရီ ၃၅ မိနစ်တွင် ရုပ်အလောင်း (၁)လောင်း ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ရုပ်အလောင်း (၅၇)ဦးထိ ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
ပုလဲ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာ၏ တောင်ဘက်ရှိ မြောက်ယမားမူလမြောင်းအနီး၌ သြဂုတ် ၁၁ ရက် ည ၁၀ နာရီ ၂၀ မိနစ်က ချင်ပြစ်-မရိုးတုန်းတံတား အဝင်ချဉ်းကပ်လမ်း အလျား ၂၀ ပေ၊ အနံ ၁၈ ပေရှိ မြေသားဘောင်အနက်မှ အလျား ၁၀ ပေခန့် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပြီး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှစတင်၍ ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ (ပြန်/ဆက်)
ဆင်ပေါင်ဝဲ
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်းတန်းလေးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်နိုင်သဖြင့် ချောင်းအနီးရှိ အိမ်ထောင်စု (၃)စုနှင့် နေအိမ် (၃)လုံးအား ယနေ့ နံနက်ပိုင်းက နေအိမ်များ ဖြိုဖျက်ကာ ဆွေးမျိုးသားချင်း နေအိမ်များသို့ ယာယီပြောင်းရွှေ့ပေးခဲ့ပြီး စားဝတ်နေရေးနှင့် နေအိမ်များ ပြန်လည် တည်ဆောက်နိုင်ရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆွေမျိုးသားချင်းများမှ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ နေခြည်(ဆင်ပေါင်ဝဲ)
မင်းတပ်
မင်းတပ်-မတူပီသွား ကားလမ်း မိုင်တိုင်အမှတ် ၄၂ နှင့် ၄၈ မိုင်ကြား၌ သြဂုတ် ၁၁ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုလမ်းပိတ်မှု ထပ်မံဖြစ်ပွားခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်တိုင်အမှတ် ၄၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၊ ၄၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၊ ၄၅ မိုင် ၃ ဖာလုံနှင့် လေးဖာလုံကြား၊ ၄၅ မိုင် ၇ ဖာလုံနှင့် ၄၆ မိုင်ကြား၊ ၄၇ မိုင် ၄ ဖာလုံနှင့် ၄၈ မိုင်ကြား၌ တောင်ပြို လမ်းပိတ်မှု ဖြစ်ပွားရာ မြို့နယ် လမ်းဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် ရှင်းလင်းပေးလျက်ရှိပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ (ပြန်/ဆက်)
မင်္ဂလာတောင်ညွန့်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ဆီစက်ဝန်းလမ်းတွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က နေအိမ်ပေါ်သို့ သစ်ပင်လဲကျသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
မိုးကောင်း
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်းဘူတာ၏ မြောက်ဘက် ကိုက်(၂၀ဝ)ခန့်အကွာ၊ မိုင်တိုင်အမှတ် ၆၈၆ (၇/၈)ကြားတွင် ယနေ့ နံနက် ၄ နာရီ ၅၅ မိနစ်ခန့်က သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပြီး မိုးကောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
MDN


