ကျိုက်ဒုံ ၁၂ ဩဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ဟောသရောမြစ်ရေ တက်လာပြီး ကျိုက်ဒုံမြို့အတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်း ၁၀နာရီက ကျိုက်ဒုံမြို့ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားသည့် သန္တိသုခကျောင်း၊ တောင်ပေါ်ကျောင်း၊ (အ.ထ.က)ကျောင်းတို့တွင် ရေဘေးသင့်ပြည်သူများအား စားသောက်ကုန် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့သည်။
အဆိုပါထောက်ပံ့ရေးပစ္စည်းများတွင် ဆန်၊ ဆီ၊ ငါးသေတ္တာများပါဝင်ပြီး ကျိုက်ဒုံမြို့ရှိ ရေးဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၈၉)စု၊ လူဦးရေ ကျား(၄၄၁)ဦး၊ မ(၄၁၀)ဦး စုစုပေါင်းလူဦးရေ(၈၅၁)ဦးရှိပြီး အိမ်ထောင်စု (၁)စုလျှင် ဆန်(၅)ပြည်နှင့် ဆီ ၁ လီတာ တစ်ဘူး၊ ငါးသတ္တာ နှစ်ဘူးနှင့် မီးမရသည့်နေအိမ်များအား နေအိမ်သုံးဆိုလာ အသေးစားများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ပြီး စောဌေးမြင့် ကုမ္ပဏီလီမိတက်မှ တစ်အိမ်ထောင်စုလျှင် မုန့်ထုပ် ၁၀ ထုပ် လှူဒါန်းပြီး အခြားအလှူရှင်များမှလည်း ပဲနို့နှင့်မုန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် သန္တိသုခဘုန်းတော်ကြီးကျောင်း၊ တိဿရာမစာသင်တိုက်တောင်ပေါ်ကျောင်းတို့တွင် ဆရာတော်အား ဆန်နှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက
မြို့အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမသို့ သွားရောက်၍ ကိုယ်ဝန်ဆောင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များ တတိယအကြိမ် ထောက်ပံ့ငွေများအား ကိုယ်ဝန်ဆောင်မိခင်များ၏ လယ်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)


