ဒီးမော့ဆို    ၁၂  သြဂုတ်        


ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာများ စနစ်တကျ မောင်းနှင်တတ်စေရန်အတွက် လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် အမှတ်(၈၆) စက်မှုလယ်ယာစခန်းခွဲ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလျက်ရှိရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပြီး တောင်သူများ လက်ဝယ်တွင်ရှိသော လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ အသုံးချနိုင်အောင် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းသားများကလည်း သင်တန်းတွင် သင်ကြားပို့ချပေးမည် သင်ခန်းစာများကို ကြိုးစားသင်ယူပြီး သင်တန်းရလဒ်ကိုကြည့်ကာ နောင်တွင် ဆက်လက်ဆောင်ရွက် ပေးနိုင်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးရဲမြင့် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စက်မှုလယ်ယာလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကို က သင်တန်းသားများအတွက် သင်ထောက်ကူ သင်ရိုးမှတ်စု စာအုပ်များကို သင်တန်းသား တစ်ဦးထံ ပေးအပ်ခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ခင်းကျင်းပြသထားသော လယ်ယာသုံးစက်ကိရိယာများ၊ အသုံးပြုမှု အခြေအနေများကို  ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးရဲမြင့် က ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်မှုလယ်ယာစခန်းခွဲအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ Drone အသုံးပြု၍ ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး တောင်သူများ လိုအပ်ပါက ငှားရမ်းအသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)