ရန်ကုန် ၁၂ သြဂုတ်
(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာ(၁၂)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ ၎င်းပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် အားလုံးဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးစေလိုကြောင်း၊ တချို့အားကစားနည်းတွေဟာ ပါဝင်ပြီး တချို့အားကစားနည်းတွေဟာ မပါဝင်ဘဲ တချို့အားကစားနည်းတွေကျတော့ အခုမှTry လုပ်နေကြပါကြောင်း၊ ရွှေ၊ ငွေ၊ ကြေး ရမည့် အဖွဲ့တွေဘဲ စေလွှတ်တာမဟုတ်ဘဲ ဒီပြိုင်ပွဲတွေမှတဆင့် တစ်ခြားနိုင်ငံများသို့ ရောက်တဲ့အခါ တစ်ခြားနိုင်ငံများ၏ Facility ၊ Transport system နှင့် Organizing System ရရှိသိရှိနိုင်အောင် စေလွှတ်ခြင်းဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှနှင့် IOC တို့၏ အုပ်ချုပ်/ နည်းပြ တို့နှင့်တွေဆုံနိုင်မှာဖြစ်သလို အထူးသဖြင့် လူငယ်အချင်းချင်းရင်းနှီးပြီး သူတို့နိုင်ငံမှာ ဘာတွေလုပ်နေလဲ ဒီအားကစားနည်းနဲ့ အရင်တုန်းက Youth Development ဖြစ်တဲ့အတွက်ကြောင့် အားကစားသမားတွေ ရွှေရမှ မဟုတ်ဘဲ ရနိုင်တဲ့ အဆင့်တစ်ခု အနေနဲ့လည်း လွှတ်လေ့ရှိပါကြောင်း၊ ဒီနှစ်မှာတော့ တတ်နိုင်သမျှလွှတ်နိုင်မည့် အားကစားနည်းတွေကို ခေါ်ယူစေလွှတ်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ အားကစားနည်းများရဲ့ အားသာချက်၊ အားနည်းချက် ရှေ့ဆက်ပြီးဆောင်ရွက်ရမည့် အရှေ့တောင်အာရှရဲ့ မျှော်မှန်းချက်တွေကို ဝန်ကြီးဌာနအနေဖြင့် ကူညီရမည့် ကိစ္စရပ်များကို အဖွဲ့ချုပ်တွေက ပွင့်ပွင့်လင်းလင်းတင်ပြပေးဖို့ လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံမှ အားကစားနည်း (၅၆)မျိုးကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၂၇)မျိုး ကို ပဏာမလျာထားပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာအားကစားအဖွဲ့ချုပ်များအနေဖြင့် သတ်မှတ်ထားသည့် နေ့ရက်အတွင်း By Name / By Event များ အမြန်ဆုံး ပေးပို့နိုင်ရေး၊ အားကစားနည်းအလိုက် မြန်မာအားကစား အဖွဲ့များယှဉ်ပြိုင်ရမည့် နေ့ရက်များနှင့် ပြိုင်ပွဲကျင်းပမည့် နေရာများ တည်းခိုမည့် ဟိုတယ်များ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် (၄)နေရာခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဆီဂိမ်း ပြိုင်ပွဲမတိုင်မီ မြန်မာအားကစားအသင်းများ နိုင်ငံတကာ Joint Training သွားရောက်လေ့ကျင့် နိုင်ရေးလျာထားဆောင်ရွက်နေမှု အခြေအနေများအား အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလျာထားသည့် အားကစားနည်း (၂၇)နည်း မှ အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးများက မိမိတို့ အားကစားသမား စခန်းသွင်းလေ့ကျင့်နေသည့် ကာလအတွင်း တိုးတက်မှုနှင့် အားနည်းချက်/အားသာချက် အခြေအနေများ၊ Joint Training ပူးတွဲ လေ့ကျင့် နိုင်ရေးအစီအစဉ်များ ၊ နိုင်ငံခြားနည်းပြခန့်ထားတာဝန်ပေးနိုင်ရေး ၊ ပြိုင်ပွဲကာလ(၃)လကျော် အားကစားနည်းအလိုက် လေ့ကျင့်ရေးသုံး အသုံးအဆောင်ပစ္စည်းများ၊ ပြိုင်ပွဲအတွက် အထောက် အကူပြုပစ္စည်းများ ရရှိနိုင်ရေးအခြေအနေများကို အဖွဲ့ချုပ်တာဝန်ရှိသူများက အသေးစိတ် ဆွေးနွေးတင်ပြပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ နီးကပ်လာသည်နှင့်အမျှ အဖွဲ့ချုပ်များမှာလည်း ဝိုင်းဝန်းကူညီဆောင်ရွက်စေလိုကြောင်း တင်ပြထားသည့် အားကစားအထောက် အကူပြုပစ္စည်းများအချိန်မီရရှိနိုင်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ ဆီဂိမ်းပြိုင်ပွဲအတွက် အဖွဲ့ချုပ်များအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်အလက်များကို အမြန်ဆုံ အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
MDN