နေပြည်တော်  ၁၂   ဩဂုတ် 


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးဝင်းဌေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တံတားဉီးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆)မှ တာဝန်ယူတည်ဆောက်နေသော ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိသည်။


တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား တံတားတည်ဆောက် ရေးတာဝန်ခံ အင်ဂျင်နီယာဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သစ်သစ်အောင်က ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ လုပ်ငန်းစီမံချက်များ၊ လုပ်ငန်းပြီးစီးမှု၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ တံတားတည်ဆောက်မှု အဆင့်ဆင့်အား Video Clip ဖြင့်ပြသသည်။


ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးရန်နိုင်ဇော်က တံတားချဉ်းကပ်လမ်း ပုသိမ်ဘက်ခြမ်း နှင့် စိန်ကုန်းဘက်ခြမ်း လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။


တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းတိုးတက်မှုရှိအောင် အလေးထားဆောင်ရွက်ရန်၊ ရေကြီး၍ တံတားရေလယ်တိုင်များ ရေနစ်မြုပ်သည့်အတွက် ရေကြောင်းသွားသင်္ဘောများ အန္တရာယ်ကင်းရှင်းရန် သတိပေးအမှတ်အသားများထားရှိရန် မှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။


ပုသိမ်တံတားအမှတ်(၂)သည် ငဝန်မြစ်ကိုဖြတ်ကျော်ကာ ပုသိမ်မြို့တွင်းနှင့် ငဝန်မြစ်အနောက်ဘက် စိန်ကုန်းလူနေရပ်ကွက်တို့ကို ဆက်သွယ်တည်ဆောက်ထားပြီး စုစုပေါင်းတံတား အရှည်(၂၃၈၀)ပေ ယာဉ်သွားလမ်းအကျယ်(၂၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၅)ပေစီပါရှိပြီး တံတားအမျိုးအစားမှာ အောက်ထည် RC Concrete ၊ အပေါ်ထည်သံမဏိသံပေါင်ဂုံးဒီဇိုင်းအမျိုးအစားဖြစ်ပြီး တံတားအောက်ရေလမ်းကင်းလွတ် အကျယ် (၄၁၆)ပေ ၊  အမြင့်(၆၀)ပေရှိကာ တံတား၏ခံနိုင်ဝန်မှာ HS 25 Load Class ဖြစ်သည်။
 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်-ကံကုန်း-မြင်းကဆိပ်လမ်း ပြုပြင်ထိန်းသိမ်း ထားရှိမှုနှင့် အဆိုပါလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်)ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြ-လပွတ္တာလမ်းပေါ်တွင် တံတား တည်ဆောက်ရေးအဖွဲ့(၁) မှ လပွတ္တာ(ပင်လယ်လေး)တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေ သည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေးတာဝန်ခံ အင်ဂျင် နီယာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဝင်းက လပွတ္တာ(ပင်လယ်လေး)တံတား ပင်မကြိုးတံတားအပိုင်းအား ဖယ်ရှား၍ HS 25 Load Class Steel Box Girder တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေမှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။


လပွတ္တာ (ပင်လယ်လေး)တံတားသည် ယခင်ကြိုးတံတားဖြစ်ပြီး ကြံ့ခိုင်မှုအားနည်းလာသည့် အတွက် ပင်မတံတားကြီးအား Steel Box Girder ဖြင့် အစားထိုးအဆင့်မြှင့်တင်တည်ဆောက်ခြင်း ဖြစ်သည်။ တံတားအရှည်(၁၃၀ဝ)ပေ ၊ ယာဉ်သွားလမ်းအကျယ်(၂၄)ပေ ၊ လူသွားလမ်းတစ်ဖက်လျှင် (၃)ပေ(၃)လက်မစီ ပါရှိပြီး တံတား၏ခံနိုင်ဝန်မှာ HS 25 Load Class ဖြစ်သည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြ - အိမ်မဲ - ပန်းတနော်လမ်း ပြုပြင် ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတလျှောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)