နေပြည်တော် ၁၂ သြဂုတ်လ 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနရုံးဝန်းအတွင်းရှိ ဖမ်းဆီးရမိတရားမဝင်သစ်များ စုပုံထားရှိမှုကိုကြည့်ရှုစစ်ဆေး၍ ဖမ်းဆီးရမိ အမှုတစ်ခုချင်းအလိုက် စနစ်တကျစုပုံထားရှိရန်၊ ပုံစံ(၈)စာရင်းဝင် သစ်များပျက်စီး ပျောက်ဆုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအထူးအလေးထားဆောင်ရွက်ရန်၊ သစ်များအလေအလွင့်မဖြစ်စေရန်နှင့် သစ်များအရည်အသွေးမကျမီ အမြန်ဆုံးထုခွဲရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာ ကြားသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆုထူးပန်ကျောက်မျက်ရတနာအချောထည် ထုတ်လုပ်ရေး နှင့် စက်မှုလက်မှုသက်မွေး(အခမဲ့)သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ အဆိုပါသင်တန်း ကျောင်းသည် မျိုးဆက်သစ်လူငယ်များအား ကျောက်မျက်ရတနာအချောထည်ထုတ်လုပ်ခြင်း နည်းပညာများကို နိုင်ငံတကာခေတ်မီစက်ကိရိယာများဖြင့် ပညာရှင်များဖိတ်ခေါ်၍ ကျောက်မျက်သင်တန်း၊ ပန်းတိမ်သင်တန်း အပါအဝင် သင်တန်း ၁၂ မျိုးကိုစရိတ်ငြိမ်းအခမဲ့သင်ကြားပို့ချလျက်ရှိသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ ၅၃လမ်းနှင့် ၅၄ လမ်းကြား၊ သိပ္ပံလမ်းရှိ Green Life Co., Ltd. ၏ ကျောက်စိမ်းအရောင်းပြခန်းသို့ရောက်ရှိ၍ ကျောက်စိမ်းလက်ဝတ်ရတနာအချော ထည်အရောင်း ဆိုင်၊ ကျောက်စိမ်းပြခန်းနှင့် အလုပ်ရုံတို့ကိုလှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံ၏ တွင်းထွက်သယံဇာတများကိုခေတ်မီနည်းပညာ၊ စက်ကိရိယာ တို့နှင့်ပေါင်းစပ်၍ တန်ဖိုးမြှင့်အချောထည်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့မှ နွားထိုးကြီးမြို့သို့ ဆက်လက်ထွက်ခွာ၍ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် အတွင်းရှိ သစ်တောဦးစီးဌာနကတည်ထောင်စိုက်ပျိုးဆောင်ရွက်လျှက်ရှိသည့် ကျေးရွာထင်းစိုက်ခင်း (၂/၂၀၁၉) (၂၅)ဧက၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက စိုက်ပျိုးဆောင်ရွက်လျှက်ရှိသည့် ကျေးရွာသုံးစိုက်ခင်း (၁/၂၀၁၈) (၅၀)ဧကနှင့် (၁/၂၀၁၉) (၅၀)ဧကတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် ညောင်ဦးမြို့မှ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်သို့ရောက်ရှိပြီး ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်း ကောင်း၊ ချောက်ရေနံမြေဘီဝမ်း(B1)ကုန်းပြန့်ဧရိယာတွင် စိုက်ပျိုးထားရှိသည့် သစ်မျိုးစုံစိုက်ခင်းကို လည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာရေနံမြေ၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်မှလှူဒါန်းသည့် ရေပန့်နှင့် မြင်းကောင်ရေ ၅၀အားမော် တာတပ်ဆင်ထားရှိမှု၊ ရေပိုက်လိုင်း သွယ်တန်းမှုတို့ကိုလည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနက ရွှေပုံတောင်ပျိုး ဥယျာဉ်အတွင်း ပျိုးပင်ကြီးများ ပျိုးထောင်ထားရှိမှုကိုလည်းကောင်း၊ ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးဧရိယာ ဘီတူး (B2) ကုန်း၌ ၂၀၁၈ ခုနှစ်၊ မိုးရာသီနှင့် မတိုင်မီကာလများအတွင်းရေလောင်းစိုက်ပျိုးဆောင်ရွက်ခဲ့သည့် သစ်ပင်များ၊ မြေဆီလွှာ တိုက်စားမှုလျော့ပါးသက်သာစေရန် စိုက်ပျိုးထားသည့် ဗက်တီဘာမြက်စိုက်ပျိုးမှု အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့ရှောင်ကွင်းလမ်းမိုင်တိုင်(၆/၃)နှင့် (၆/၅)တို့၌ လမ်းဘေးဝဲယာတွင် စိုက်ပျိုးထားရှိသည့် သစ်မျိုးစုံစမ်းသပ်စိုက်ခင်း၊ အထူးစိမ်းပျိုးပင်ကြီးစိုက်ခင်း၊ ကွန်တိုစိုက် ခင်းနှင့် ရေဝေရေလဲစိုက်ခင်းတို့ကိုလည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၏ ဖန်ခါးစမ်းပျိုးဥယျာဉ်အားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ပျိုးဥယျာဉ်ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ က ရေနံချောင်းမြို့ရှောင်လမ်းဝဲယာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန က ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် Greening Complex Zone ဧက (၁၀ဝ၀ဝ) လုပ်ငန်းစီမံချက်ကို ရှင်းလင်းတင်ပြသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုသစ်မြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာန၏ သစ်မျိုးစုံစမ်းသပ်စိုက်ခင်းအားလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်းအတွင်း သစ်တော ဦးစီးဌာနကဆောင်ရွက်လျှက်ရှိသည့် တရုတ်-မြန်မာချစ်ကြည်ရေး သစ်မျိုးစုံဥယျာဉ်(၁၀ဝ)ဧက၏ ပြုစုထိန်းသိမ်း ရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။


 (သတင်းစဉ်)