၁၃  သြဂုတ်

မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်ကျော်မှာ လူငယ်များဖြစ်သည်။ ကိန်းဂဏန်းအားဖြင့်ဆိုရလျှင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အကြားရှိ လူငယ်များဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံကျော် အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်များရှိနေသောနိုင်ငံမှာ လူသားသယံဇာတအရင်းအမြစ် အခြေအနေကောင်းများ ရရှိနေသော နိုင်ငံဖြစ်သည်ဟူ၍လည်း ဆိုကြသည်။

နိုင်ငံ၏အနာဂတ်ကို ဖန်တီးဖော်ဆောင်မည့် အင်အားစုများမှာ ပစ္စုပ္ပန်၏လူငယ်များ ဖြစ်သည်။ လူငယ်များကို တက်လူများဟူ၍လည်း တင်စားကြလေ့ရှိသည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးသည့် အရွယ်၊ လေ့လာစူးစမ်းမှု၊ သင်ယူမှုတို့ ထက်သန်သည့်အရွယ်၊ ကာယခွန်အားစိတ်ဓာတ်ခွန်အားတို့ ကြံ့ခိုင်သန်စွမ်းလာသည့်အရွယ်၊ ယင်းသို့သောအရွယ် လူငယ်များသည် မိမိကိုယ်မိမိ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့်တကွ မိမိနိုင်ငံ၊ တစ်ခါတစ်ရံ ကမ္ဘာလောကကြီးအတွက်ပါ ဖန်တီးသူများ၊ တည်ဆောက်သူများ၊ အကောင်းဆုံးအကျိုးပြုသူများ ဖြစ်ကြသည်။

သိဒ္ဓတ္ထမင်းသား ကပိလဝတ်နန်းတော်ကို စွန့်ခွာ၍ သစ္စာတရားကို ရှာဖွေသည့် ခရီးစတင်ခဲ့ချိန်သည် ငယ်ရွယ်နုပျိုချိန်တွင် ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူငယ်ဘဝတစ်လျှောက်လုံး နိုင်ငံနှင့်လူမျိုး လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းခဲ့ပြီး အကောင်းဆုံးအရွယ်မှာပင် အသက်စွန့်သွားခဲ့သူ ဖြစ်သည်။ လောကအကျိုးကိုဆောင်သည့် တီထွင်သူများစွာ၊ စွန့်စားသူများစွာတို့မှာ လူငယ်များကသာလျှင် အများစုဖြစ်သည်။ ဤသို့လျှင် တည်ဆောက်နိုင် စွမ်းရှိသူ၊ ဖန်တီးနိုင်စွမ်းရှိသူ တက်လူအင်အားတို့ ကြီးကြီးမားမား ပိုင်ဆိုင်ထားသည့်နိုင်ငံသည် အနာဂတ်အတွက် အလားအလာကောင်းများကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။ သို့ရာတွင် ပိုင်ဆိုင်ထားပြီးဖြစ်သော လူသားသယံဇာတကို တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်ဖြစ်လာအောင် ရင်းနှီးမြှုပ်နှံ ပြုစုပျိုးထောင်ရေးနှင့် စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရေးတို့ကို မူဝါဒများချမှတ်ကာ မှန်မှန်ကန်ကန် ပြုလုပ်နိုင်မှသာ မျှော်လင့်ထားသည့်အတိုင်း နိုင်ငံ့အတွက် အနာဂတ်အင်အားဖြစ်ပေါ်လာမှာလည်း ဖြစ်သည်။

လူငယ်များကို တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်ဖြစ်လာအောင် လေ့ကျင့်ပေးရန်မှာ ပညာရေးစနစ်က အဓိကကျသည်။ လူငယ်များက လည်း မိမိတို့ပညာရရှိရေးအတွက် တာဝန်ယူရပါမယ်။ အစိုးရပိုင်းကလည်း အကောင်းဆုံးပညာရေးစနစ်တစ်ခု ထူထောင်ဖို့အတွက်ကို တာဝန်ယူရမယ်။ အားလုံးက ဝိုင်းဝန်းပြီး ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။ လူငယ်များအပိုင်းက ပညာကို ကောင်းစွာသင်ယူရန်နှင့် အစိုးရအပိုင်းက အကောင်းဆုံးပညာရေးစနစ်ကို ထူထောင်ရန်ဟူ၍ တာဝန်ကိုယ်စီရှိနေကြသည်။ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင်လည်း လူငယ်များ အပိုင်းကရော၊ အစိုးရအပိုင်းကပါ ပြုပြင်ပြောင်းလဲရန် တာဝန်ကိုယ်စီရှိနေကြခြင်း ဖြစ်သည်။

လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားသော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရေး၊ နိုင်ငံရေးရာတို့တွင် လူငယ်များပိုမိုပါဝင်လာနိုင်ရန် လမ်းဖွင့်ပေးရေး၊ လူငယ်များ၏ တီထွင်ဖန်တီးမှုများနှင့် သုတေသနလုပ်ငန်းများကို ပံ့ပိုးကူညီပေးရေး၊ လူငယ်စာပေ၊ အနုပညာနှင့်ယဉ်ကျေးမှု တို့ကို မြှင့်တင်ပေးရေးတို့မှာ လူငယ်တို့အတွက် ရေခံ၊ မြေခံကောင်းများ ဖန်တီးပေးရေးဖြစ်ပြီး ဝိုင်းဝန်းကြိုးပမ်းမှုများဖြင့် မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဟု ယုံကြည်မိသည်။ လူငယ်များအနေဖြင့်မူ မိမိကိုယ်ကို အရည်အသွေးမြင့်မားအောင် ရည်မှန်းချက် မြင့်မြင့်မားမားထား၍ ဆန္ဒပြင်းပြင်း၊ ဝီရိယသန်သန်၊ စိတ်ခွန်အားကောင်းကောင်း၊ ပညာဉာဏ် ထက်ထက်သန်သန်ဖြင့် တန်ဖိုးမြင့်မားသည့်လူ့စွမ်းအားအဖြစ် ထူထောင်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း