ဟားခါး ၁၃ သြဂုတ်
ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ကြီးမှူး၍ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေး ရန်ပုံငွေ (Access to Health Fund) ဆိုင်ရာ အသိပေး ဆွေးနွေးပွဲကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က အမှာစကား ပြောကြားရာတွင် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေသည် မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျား ဒေသများတွင် နေထိုင်ပြီး ထိခိုက်လွယ်သည့် လူအုပ်စုများကို အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ပဋိပက္ခဖြစ်သည့်နေရာများ၊ ဝေးလံခက်ခဲသည့် နေရာများတွင် ကျန်းမာရေးစနစ် အားကောင်းလာစေရေးအတွက် အုပ်ချုပ်မှုအဆင့် လိုအပ်မှုကိုအခြေခံကာ အရည်အသွေးပြည့်ဝပြီး မျှတသော အခြေခံကျန်းမာရေး စောင့်ရှောက်မှုရရှိအောင် အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဉီးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ က Access to Health Fund နှင့်ပတ်သက်၍ လည်းကောင်း၊ UNOPS မှ စီမံကိန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝဏ္ဏဌေးက ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေဆိုင်ရာ ဆောင်ရွက်မည့် အစီအစဉ်များအား Power Point ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ချင်းပြည်နယ်တွင် Access to Health Fund ဖြင့် ဆောင်ရွက်မည့် ဉီးစားပေး ကျန်းမာရေးကဏ္ဍများမှာ မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ လိင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ကာကွယ်ကုသရေးလုပ်ငန်း၊ မူးယစ်ဆေးစွဲခြင်းနှင့် ၎င်း၏ကျန်းမာရေး အကျိုးဆက်များ ကာကွယ်ကုသရေးလုပ်ငန်း၊ အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တီဘီရောဂါနှင့်ဆေးယဉ်ပါး တီဘီရောဂါများ ကုသစောင့်ရှောက်ရေးလုပ်ငန်း၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်း၊ ကျန်းမာရေးစနစ် အထောက်အကူပြု လုပ်ငန်းများဖြစ်ပြီး စီမံကိန်းကာလမှာ၂၀၁၉−၂၀၂၃ အထိဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


