မိုးညှင်း ၁၃  သြဂုတ် 


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ဘူတာနှင့် မိုးကောင်းမြို့နယ် နန်းခွင်ဘူတာ အကြားတွင် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ကုန်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့သဖြင့် အမှတ်(၅၅)အဆန် အထူးအမြန်ရထားမှာ ဟိုပင်ဘူတာတွင် ရပ်နားထားခဲ့ရကြောင်း သိရှိရသည်။


မန္တလေးမြို့၊ မြို့ဟောင်းဘူတာမှ မြစ်ကြီးနားမြို့သို့ စက်ခေါင်းမောင်း ဦးရဲထွန်း မောင်းနှင်လာသော စက်ခေါင်းအမှတ် DF- 1376 သည် မိုးညှင်းမြို့နယ် ဟိုပင်ဘူတာ နှင့် မိုးကောင်းမြို့နယ် နန်းခွင်ဘူတာအကြား မိုင်တိုင်အမှတ် (654/14) နှင့် (654/15) အကြား အရောက်တွင် စက်ခေါင်းတွဲ၏ နောက် (၉) တွဲမြောက်ဖြစ်သော GBHAH 40823 ၏ ဘီးအမှတ် (၃နှင့်၅) မှာ သံလမ်းအတွင်း တစ်ပေခန့် ချော်ကျကာ ဘီးအမှတ် (၆) သည် သံလမ်းအပြင်ဘက်သို့ တစ်ပေခန့် ချော်ကျခဲ့ခြင်းဖြစ်သည်။


လမ်းချော်ရာသို့ မိုးညှင်းမြို့ မြန်မာ့မီးရထားမှ မတော်တဆအထူးရထား (မတတဆ) စက်ခေါင်းအမှတ် DD-1216 ဖြင့် တိုင်းစက်မှုအင်ဂျင်နီယာ ဦးသက်လွင်နှင့် လမ်းလုပ်သား (၂၅) ဦးတို့သည် မိုးညှင်းဘူတာမှ နံနက် (၈) နာရီတွင် ထွက်ခွာသွားကြပြီး မီးရထားစီးခရီးသည်များ  အဆင်ပြေစွာ သွားလာနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။


ရထားလမ်းချော်မှုကြောင့် မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ ထွက်ခွါလာသော အမှတ် (၅၅) အဆန် အထူးအမြန်ရထားသည် ဟိုပင်ဘူတာတွင် ရပ်နားထားခဲ့ရပြီး နံနက် (၁၁) နာရီအခန့်တွင် လမ်းပွင့်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 


ချွန်တွန်း