မိတ္ထီလာ ၁၃ သြဂုတ်
မိတ္ထီလာခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်စေရန် သရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (အောင်ဇေယျာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
“မိတ္ထီလာခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့ပါက မီးသတ်တပ်ဖွဲ့အနေဖြင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရမှုအခြေအနေများကို ပြည်သူများ သိရှိစေရန် ပြသခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်ပါက အဆောက်အဦများ၊ အထက်မြင့် အဆောက်အဦအတွင်း ပိတ်မိနေသူများ၊ လမ်းပေါ်တွင် သွားလာနေသူများမှ ထိခိုက်မှုများ၊ လမ်းပေါ်တွင် သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအတွင်း ဒဏ်ရာရရှိသူများ၊ ကားမီးလောင်မှုတွေမှာ အဖွဲ့အလိုက် အဆင့်ဆင့် ရှာဖွေကယ်ရေးအပိုင်းများကို ဆောင်ရွက်ပြသခဲ့ကြောင်း ”ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောကြား ခဲ့သည်။
ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် ငလျင်ဘေးအန္တရာယ်ကျရောက်ပါက မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆေးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား လူနာအဆင့် အတန်းခွဲခြား၍ အန္တရာယ်ကင်းသည့်နေရာသို့ ပို့ဆောင်ပေးနေသည့် လုပ်ငန်းများ၊ ၎င်းနောက် ယာယီစခန်း တွင် လူနာများ ပို့ဆောင်၍ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသည့် လူနာများအား ဆေးကုသပေးပြီး အရေးကြီးလူနာများကို လူနာတင်ယာဉ်များဖြင့် နီးစပ်ရာဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးသည့် လုပ်ငန်း အဆင့်ဆင့်များကို ပြသပေးခဲ့ကြောင်း ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ ခရိုင်မှူး ဦးနေဦးက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်စေရန် သရုပ်ပြပွဲကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁)ချည်မျှင်နှင့် အထည်စက်ရုံမှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ဆရာ/ဆရာမများ ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


