ပွင့်ဖြူ   ၁၃   ဩဂုတ်      
    

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပွင့်ဖြူမြို့နယ်သည် နှစ်စဉ် ဆန်းစပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သည့် မြို့နယ်တစ်ခုဖြစ်ကာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင်လည်း စုစုပေါင်း စပါးစိုက်ပျိုးဧက ၇၁၄၀၁ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
    

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပျိုးထောင်ရေနှင့် စိုက်ပျိုးရေများကို စနစ်တကျ ဖြန့်ဝေလျက်ရှိသည့်အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ စပါးသီးနှံအထွက်နှုန်းကောင်းမွန်ရေး လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးခွင့်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 
    


“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်များတွင် စပါးစိုက်ပျိုးဧက အများဆုံး စိုက်ပျိုးတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ယခု မိုးစပါးစိုက်ပျိုးရာသီမှာလည်း စပါးစိုက်ပျိုးဧကပေါင်း ၇၁၄၀၁ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး စိုက်ပျိုးမှုအနေနဲ့ကတော့ အစိုးရဆည်ရေသောက်စနစ်ဖြစ်သည့် မဲဇလီ၊ အိုင်းမ ၊ လင်းဇင်း ဆည်ရေဖြင့် မိုးစပါးဧက ၆၅၇၁၃ ဧက ၊ ရွာသာကြီး၊ ကျောင်းကုန်းကြီး ၊ ရေပုတ်ကလေး ၊ ဘုရားကုန်း လျှပ်စစ်ရေတင်စနစ်ဖြင့် မိုးစပါးဧက ၈၈၂ ဧက ၊ ဆည်/ကန်ငယ်ရေသောက်စနစ်ဖြင့် မိုးစပါးဧက ၃၈၂ ဧက ၊ ရေစုပ်စက်စနစ်ဖြင့် မိုးစပါး ၁၂၇၈ ဧက နှင့် မိုးကောင်းသောက်စနစ်ဖြင့် ၃၁၄၆ ဧက ၊ စုစုပေါင်း ၇၁၄၀၁ ဧက စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ပြောပြသည်။  
                                                                                                    


ရဲဝင်းနိုင် (ညောင်ဦး)

 

1