ကျောက်မဲ ၁၃ သြဂုတ်
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုအလုံး ၁၈၀ဝ၀ ကို ကျောက်မဲမြို့နယ် (မိုင်းလုံမြို့၊ မိုင်းငေါ့မြို့အပါအဝင်) အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသည့် အိမ်ထောင်စု ၁၈၀ဝ၀ အား ၂ သုတ်ခွဲ၍ အခမဲ့ ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတု ပြောင်လဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းအလုပ်ရုံ ဆွေးနွေးပွဲနှင့် အကောင်အထည်ဖေါ်မည့်သူများ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၉ ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ ကျောက်မဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူအေးက စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးမည့်အစီအစဉ်၊ စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်းဖြင့် ထင်းလောင်စာများ လျှော့ချနိုင်၍ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုကို အကျိုးပြုနိုင်မည့် အခြေအနေများနှင့် စွမ်းအားမြှင့်မီးဖိုများ အသုံးပြုသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးရေးနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ စိုက်ပျိုးရေးဦးစီးမှူးက မီးဖို၏ အသုံးဝင်ပုံများကို လက်တွေ့သရုပ်ပြ၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
ကျောက်မဲခရိုင်ပြန်/ဆက်


