လားရှိုး ၁၃ သြဂုတ်
လားရှိုးမြို့ရှိ ရေဝပ်ဧရိယာ ၆ ဧကခန့်ရှိသော ဟူးမွန်အလယ်ဆည်၌ ယနေ့ နံနက် (၈) နာရီ က သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရေပြင် အသက်ကယ် ရှာဖွေရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘေးအန္တရာယ် ကျရောက်နေသော ရေပြင်မှလူများအား ခေတ်မီ အသက်ကယ်ဘောကွင်းပစ်၍ ကယ်ဆယ်ခြင်းများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (လားရှိုး)က လက်တွေ့သရုပ်ပြသပြခဲ့ကာ တပ်မတော်သားများက အသက်ကယ်စပိဘုတ် ရေယာဉ်များဖြင့် ရေပြင်၌ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှုများ၊ မြေပြင်မှ အသက်ကယ်အကူပစ္စည်းများဖြင့် ရှာဖွေကယ်ဆယ်ခြင်းများကို သရုပ်ပြသခဲ့ကြသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရန်/ရှောင်ရန်တို့ကို သိရှိစေရန် အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (လားရှိုး) မှလည်း လက်ကမ်းစာစောင်များ ပေးဝေခဲ့သည်။
လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်း၌ ပါဝင်ခဲ့ကြသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်ရင်းတပ်နယ်များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (လားရှိုး)နှင့် အဟာရအတွက် ချက်ပြုတ်လှူဒါန်းပေးကြသော အဖွဲ့များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က စီစဉ်ကျင်းပပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (လားရှိုး) ၊ ကြက်ခြေနီတပ်ဖွဲ့ (လားရှိုး)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပါဝင်လျက် အသက်ကယ်ရှာဖွေရေး လက်တွေ့သရုပ်ပြ လေ့ကျင့်နေမှုများအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်၊ ရဲမေများ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ တွဲဘက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဟန်ဌေး(လားရှိုး)


