ရွှေဘို ၁၃ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ယနေ့ မွန်းတည့် ၁၂ နာရီက ရွှေဘိုမြို့နယ်တွင် မိုးခေါင်နေ၍ မိုးရွာသွန်းစေရန် ရည်ရွယ်ပြီး ရွှေတန်ဆာရုပ်ရှင်တော်မြတ် အညာဆန်ပွဲအား စည်ကားစွာ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတန်ဆာရုပ်ရှင်တော်မြတ် အညာဆန်ပွဲကို ရွှေတန်ဆာဘုရားမှ စည်ပင်သာယာ မြို့မဈေးကြီးအတွင်း ဖြတ်သန်း၍ မဟာနန္ဒာကန်တော်ကြီးတွင် ရေသပ္ပါယ်ဆုတောင်းပြီး သစ္စာဓိဌာန်ပြုကာ ထိုမှ ငါးရံ့မင်းတွင်းရှိရာသို့ အရောက်တွင် သံဃာတော်တစ်ပါးထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မိုးများသည်းထန်စွာ ရွာသွန်းပါစေသတည်းဟု ဆုတောင်းဆိုကာ ငါးရံ့မင်းတွင်းမှ ရေဖြင့် ရေသပ္ပါယ်သည်။
ဆက်လက်၍ ပြန်လည်ပင့်ဆောင်ခဲ့ပြီး ကျောက္ကာကျောင်းတိုက်အတွင်း မြို့ပေါ်ရှိ သီလသမာဓိပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံတော်မူကြသည့် ထေကြီးဝါကြီး ဆရာတော်ကြီးများက ငါးရံ့မင်းပရိတ်၊ မိုးပရိတ်၊ မိုးကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ကြသည်။ ၎င်းနောက် ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆက်လက်ပင့်ဆောင်ကြရာ ရွှေတန်ဆာစေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းမှ ရင်ပြင်တော်ပေါ်သို့ ပင့်ဆောင်ကြ၍ အာရုံခံကြီးအတွင်းတွင် ကိန်းဝပ်အပူဇော်ခံပြီး နောက်နေ့တွင်မူလစံပယ်တော်မူရာ ဂန္ဓာကုဋိတိုက်တော်အတွင်းသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေတန်ဆာဘုရား ဂေါပကအဖွဲ့မှ စာရင်းကိုင် ဦးဇော်နိုင်က ပြောသည်။
ရွှေတန်ဆာ အညာဆန်ပွဲသည် ညောင်ရေသွန်းပွဲတော်လို ရက်သတ်မှတ်ထားခြင်း မရှိကြောင်းနှင့် ရာသီဥတု အလွန်တရာပူပြင်း ခြောက်သွေ့ကာ ကောက်ပဲသီးနှံ စိုက်ပျိုးမရအောင် မိုးခေါင်ပြီး မြို့နယ်သူ မြို့နယ်သားများနှင့် တကွ ကျွဲ၊ နွား တိရစ္ဆာန်များပါ အပူဒဏ်ခံစားနေရသော အချိန်အခါများတွင် မိုးရွာစေရန်အတွက် ရှေးအစဉ်အလာအတိုင်း ရွှေတန်ဆာရုပ်ရှင်တော်မြတ်ကြီးကို ငါးရံ့မင်းဝေါယာဉ်ဖြင့် ရွှေဘိုမြို့ မြောက်ဘက်ရှိ မဟာနန္ဒာကန်တော်ကြီးသို့ မြို့သူ/မြို့သား၊ နယ်သူ/နယ်သား များမှ စည်ကား သိုက်မြိုက်စွာ ပင့်ဆောင်ကြရကြောင်းသိရသည်။
ရွှေတန်ဆာရုပ်ရှင်တော်မြတ်ကြီးအား အညာဆန်ပင့်ဆောင်ပေးပါရန် တောင်းဆိုလာသောအခါ နေ့ကောင်းရက်သာရွေး၍ ၎င်းနေ့ မွန်းတည့် ၁၂ နာရီတွင် လမ်းကြောင်းအတိုင်း စတင်ပင့်ဆောင်ကာ ညနေ ၆ နာရီခန့်တွင် ရွှေတန်ဆာစေတီတော်သို့ နေ့ချင်းပြီးပင့်ဆောင်ရသော ပွဲတော်ဖြစ်သည်။
မိုးသောက် (ရွှေဘို)


