မုံရွာ ၁၃ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အတွင်းရှိ ထန်းဇလုပ်ဆည် သာစည်ဆည်နှင့် ဗောဓိတထောင်ဆည်တို့တွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှု အလွန်နည်းပါးနေသေးကြောင်း မုံရွာမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
သာစည်ဆည်သည် ဆည်ရေသောက်ဧရိယာ ဧက(၁၅၀ဝ) ရှိကြောင်း၊ ဗောဓိတထောင်ဆည်သည် ဗောဓိတထောင် သာသနာ့နယ်မြေနှင့် ပတ်ဝန်းကျင် ကျေးရွာများအတွက် သောက်သုံးရေ ဖြန့်ဝေပေးနေပြီး ဆည်ရေသောက်ဧရိယာ (၁၀ဝ) ဧက ရှိကြောင်းနှင့် ထန်းဇလုပ်ဆည်သည် ရေသောက်ဧရိယာ ဧက ၂၀ဝ၀ ဧကရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ် သြဂုတ် (၁၃) ရက်အထိတွင် မုံရွာမြို့နယ်အတွင်းရှိ သာစည်ဆည်တွင် ဆည်ရေအမှတ် (၅၀၈) ပေ၊ ရေပြင်ကျယ် (၃၃၅၀ ဧကပေ) ဖြင့်လည်းကောင်း၊ ဗောဓိတထောင်ဆည်တွင် ဆည်ရေအမှတ် (၅၄၁.၉) ပေ ရေပြင်ကျယ် (၁၉၁ဧကပေ) ဖြင့်လည်းကောင်း၊ ထန်းဇလုပ်ဆည်တွင် ဆည်ရေအမှတ် (၃၉၄.၃) ပေ ရေပြင်ကျယ် (၆၁၅ ဧကပေ) ဖြင့် တည်ရှိလျက်ရှိကြောင်းနှင့် ၂၀၁၈ ခုနှစ် ကာလတူအချိန်တွင် ထန်းဇလုပ်ဆည်၌ ဆည်ရေအမှတ် (၄၁၇) ပေဖြင့်လည်းကောင်း၊ သာစည်ဆည်၌ ဆည်ရေအမှတ် (၅၀၇.၉) ပေဖြင့်လည်းကောင်း၊ ဗောဓိတထောင်ဆည်တွင် ဆည်ရေအမှတ် (၅၅၆.၈) ပေအထိ ဆည်ရေဝင်ရောက်မှုရှိခဲ့ကြောင်း မုံရွာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝရီလဆန်းပိုင်းမှ သြဂုတ် (၁၃)ရက်နေ့ ယနေ့နံနက်ပိုင်းအထိ မုံရွာမြို့နယ်တွင် မိုးရွာသွန်းမှုအနေဖြင့် မိုးရေချိန် (၁၀.၈၇) လက်မသာရှိခဲ့ပြီး၊ ယနေ့နံနက်ပိုင်းတွင် မိုးရေချိန်တိုင်းတွားမှုအရ (ဝ.၆၀) လက်မရှိခဲ့ကြောင်းကို မုံရွာခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (တိုင်းထွာရေးရုံး) မှ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


