မန္တလေး ၁၃ သြဂုတ်
မန္တလေးမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပ မည့် အာဆီယံအစားအစာပွဲတော် (၂၀၁၉ မန္တလေး)တွင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဆိုင်ခန်းပေါင်း ၁၁၀ ကျော် ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်ကို ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရိုးရာအစားအစာများ မပျောက်ကွယ်စေရန် ရည်ရွယ်၍ မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေးကွန်းဗင်းရှင်းစင်တာတွင် သြဂုတ် ၁၇ ရက်မှ ၁၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသရောင်းချ သွားမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံအနက် ခြောက်နိုင်ငံနှင့် အာဆီယံအပေါင်း သုံးနိုင်ငံဖြစ်သော တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံများနှင့် အတူ အာဆီယံ မိတ်ဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတို့မှလည်း ၎င်းတို့နိုင်ငံအသီးသီးရှိ ထင်ရှားသော ရိုးရာအစားအစာများကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောသည်။
'' အဓိကအနေနဲ့ ခရီးသွားလုပ်ငန်း မြင့်တင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်သွားမှာပါ။ ခရီးသွားလုပ်ငန်း နယ်ပယ် မှာ ဒီလို မိုးရာသီမှာ ပွင့်လင်းရာသီထက် ခရီးသွားဝင်ရောက်မှု နည်းပါးတတ်ပါတယ်။ ဒါကြောင့် ဒီလိုရာသီမှာ ခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့ ရိုးရာအစားအစာပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ ဒီလိုကျင်းပပေးခြင်းအားဖြင့် နိုင်ငံတကာမှာရှိတဲ့ ခရီးသွားဧည့်သည်တွေဟာ မြန်မာ့ရိုးရာအစားအစာတွေကို တစ်နေရာတည်းမှာ စုစည်းတွေ့မြင်ပြီး မြည်းစမ်းသွားနိုင်မယ့်အပြင် အခြားသူတွေကိုလည်း ဒီလိုရာသီမှာ မြန်မာနိုင်ငံက အစားအစာတွေကို တစ်နေရာတည်းမှာ လေ့လာစားသောက်နိုင်တယ်ဆိုတဲ့ သတင်းစကားကို ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကျင်းပခြင်းအားဖြင့် အာဆီယံနိုင်ငံမှာရှိတဲ့ အစားအစာတွေကို နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေသာမက မြန်မာနိုင်ငံက ပြည်သူတွေလည်း မြည်းစမ်းနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ် ''ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ ပြသရောင်းချမည့် ရိုးရာအစားအစာများကို သက်ဆိုင်ရာ ပြည်နယ်တိုင်းအလိုက် ခွဲခြားထားသည့် ဇုန် ၁၅ ဇုန်မှ အစားအစာအမျိုးပေါင်း ၇၀ ကျော် ပါဝင်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမည့် အစားအစာများ ဘေးကင်းလုံခြုံရေးအတွက်လည်း ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများအား သက်ဆိုင်ရာ ဒေသအလိုက် ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ပါဝင်ချက်ပြုတ်ပြင်ဆင်မည့် ဝန်ထမ်းများ၏ ကျန်းမာရေးစစ်ဆေးမှုများကိုလည်း ပြုလုပ်သွားမည့်အပြင် ပြသရောင်းချမည့် အစားအစာများ၏ နမူနာ ပစ္စည်းများကိုလည်း မန္တလေးမြို့တွင် ၃ ရက်ကြာ သိုလှောင်၍ စစ်ဆေးသွားရန်လည်း စီစဉ်ဆောင်ရွက်ထား ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
အာဆီယံအစားအစာပွဲတော်တွင် ရိုးရာအစားအစာများ ပြသရောင်းချမည့်အပြင် အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ဒေသထွက်ကုန်ပစ္စည်းများ၊ ရောင်းချမည့် ဆိုင်ခန်းပေါင်း ၃၀ ကျော်နှင့်အတူ ဧည့်ခံဖျော်ဖြေမှုများအနေဖြင့် မြန်မာ့ဒေါင်းလန်းကြီးဖြင့် ခေတ်အဆက်ဆက်ပြောင်းလဲအသုံးပြုမှုများ ချက်ပြုတ်ခြင်းဆိုင်ရာ အနုပညာ တင်ဆက်မှုများ အဖျော်ယမကာ ဖျော်စပ်ခြင်း အနုပညာများကို တင်ဆက်ပြသသွားမည့်အပြင် ရိုးရာ အကအလှများဖြင့်လည်း တစ်နေ့လျှင် နှစ်ကြိမ် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၈ ခုနှစ်အတွင်းက ပုဂံဒေသတွင် မြန်မာ့ရိုးရာအစားအစာ ပြပွဲကို ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာတွင် လျန်ချန်းမဲခေါင်ဒေသတွင်းရှိ အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲတွင် အဖွဲ့ဝင် ခြောက်နိုင်ငံမှ ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများရောင်းချခြင်း အစီအစဉ်ကိုလည်း ထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


