ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သွေးကင်ဆာဖြစ်နေတဲ့ လူနာတွေကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ရင် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးရတယ်ဆိုတာ အားလုံးသိကြမှာပါ။ အရမ်းနာတယ်လို့လည်း ကြားဖူးကြတယ်မလား။ ကျောကုန်းကြီးကိုကွေးပြီးတော့ ခါးဆစ်ရိုးထဲ အပ်ထိုးပြီး အထဲက ဆဲလ်အရည်လေးတွေကို ဖောက်ထုတ်စုပ်ယူတဲ့ မြင်ကွင်းမျိုးကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြတယ်ဟုတ်။ ။

ဘာကြောင့် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးကြတာလဲ ။

ရိုးတွင်းခြင်ဆီဆိုတာ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့နေရာတစ်ခုဖြစ်တာကြောင့် သွေးဆဲလ်တွေ မူမမှန်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတဲ့ လူနာတွေကို ဘယ်ဆဲလ်မှာ ဘာချို့ယွင်းချက်ရှိနေတာ၊ ဘာရောဂါဖြစ်နေတာဆိုတာ သိဖို့အတွက် ဖောက်ထုတ်စစ်ဆေးကြတာပါ။

 ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးလိုက်ရင် သိနိုင်တဲ့ ရောဂါတွေကတော့
-    Anemia – သွေးနီဥဆဲလ်တွေနည်းနေတဲ့ရောဂါ
-    myelofibrosis နဲ့ myelodysplastic syndrome လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီရောဂါတွေ
-    သွေးဆဲလ်ပြဿနာတွေဖြစ်တဲ့ (leukopenia) သွေးဖြူဥ အရေအတွက်နည်းနေတာနဲ့ (polycythemia vera) သွေးနီဥဆဲလ်တွေ အများကြီးဖြစ်နေတာ
-    leukemia တို့ lymphoma တို့လို သွေးကင်ဆာတွေ
-    hemochromatosis လို့ခေါ်တဲ့မွေးရာပါ သံဓာတ်များနေတဲ့ ရောဂါနဲ့
-    TB ရောဂါ (ဦးနှောက်တီဘီရောဂါ)
-    amyloidosis (ဒါမှမဟုတ်) Gaucher’s disease လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီကနေ ပုံမှန်မဟုတ်ဘဲထုတ်လိုက်တဲ့ amyloid ပရိုတင်းတွေ  ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေမှာ သွားစုပြီး အင်္ဂါအစိတ်အပိုင်းတွေ  ပျက်စီးကုန်တဲ့ ရောဂါတွေရှိမရှိ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်ပြီး စစ်ဆေးလေ့ရှိကြပါတယ်။

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်းမှာ ဘယ်လိုဘေးထွက် ဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

-    ထုံဆေးနဲ့ ဓာတ်မတည့်တာ
-    ဖောက်လိုက်တဲ့နေရာမှာ သွေးအထွက်လွန်တာ
-    ရောဂါပိုးဝင်တာနဲ့
-    အပ်ထိုးထားတဲ့နေရာက အောင့်ပြီးနာနေတာတွေ ဖြစ်နိ်ုင်ပါတယ်။ ဒီလို ပြဿနာတွေဟာ အဖြစ်နည်းတယ်ဆိုပေမယ့် နဂိုတည်းက သွေးဖြူဥဆဲလ်တွေ ပုံမှန်မဟုတ်လို့ ခုခံအားနည်းနေတဲ့သူတွေ၊ သွေးတိတ်စေတဲ့ platelet ဆဲလ်ပုံမှန် မဟုတ်လို့ သွေးမတိတ်ရောဂါ ခံစားနေရသူတွေမှာတော့ သတိထားသင့်တဲ့ စစ်ဆေးမှု တစ်ခုပါ။

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်ပြီးရင် ဘာတွေ ခံစားရလေ့ရှိသလဲ။ ။

-    ရိုးတွင်းခြင်ဆီဖောက်ပြီး တစ်ပတ်လောက်ကို ဖောက်ထားတဲ့နေရာကနေ နာတာ၊ အောင့်နေတာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒီနာကျင်မှုတွေဟာ အကိုက်အခဲပျောက်ဆေး သောက်လိုက်တာနဲ့တင် သက်သာသွားမှာပါ။

-    အပ်ဖောက်ထားတဲ့အနာကိုလည်း ပိုးမဝင်အောင် ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း သေချာသန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။

-    အနာကို ခြောက်နေအောင်ထားပါ။ ရေမစိုပါစေနဲ့။

ဒီဖောက်ထုတ်ထားတဲ့ ရိုးတွင်းခြင်ဆီ နမူနာကို ဆရာဝန်တွေကို ဓာတ်ခွဲစမ်းသပ်ပြီးတော့ ရလာတဲ့ အဖြေပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုမျိုးပေးမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်းနဲ့ ပတ်သက်တဲ့ သင်မသိသေးတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”