နေပြည်တော် ၁၃ သြဂုတ်

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် စိုက်ပျိုးရာသီချိန်၌ ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလွှမ်းမှုကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် ထိရောက်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

 

3432

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံဒေသအချို့တွင် စိုက်ပျိုးရာသီချိန်၌ ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလွှမ်းမှုများကြောင့် စိုက်ခင်းများ၊ လူနေအိမ်ခြေများ ထိခိုက်ပျက်စီးမှု ကြုံတွေ့ရလျက်ရှိရာ ဒေသနေပြည်သူများ၏ လတ်တလော စားနပ်ရိက္ခာဖူလုံစေရေးအတွက် အာဆီယံအပေါင်း-၃ အရေးပေါ် အရန်ဆန်ရိက္ခာအဖွဲ့ (APTERR) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ၎င်းအဖွဲ့ အတွင်းရေးမှူးချုပ်ရုံးနှင့်ဆက်သွယ်၍ Tier-3 အစီအစဉ်အရ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လှူဒါန်းထောက်ပံ့သည့် အရေးပေါ်အရန်ဆန်များ ဖြန့်ဝေပေးနိုင်ရေး၊ စိုက်ပျိုးရာသီချိန်မီ ထွန်ယက်ရေး၊ မျိုးစေ့ပျိုးပင်များ အချိန်မီဖြန့်ဝေပေးရေး၊ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ပိုးမွှားရောဂါဆိုင်ရာ ကာကွယ်နှိမ်နင်းရေးနှင့် မြေဆီလွှာ ထိန်းသိမ်းမှုလုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ စီမံဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အစည်းအဝေးတက်ရောက်လာကြသူများက စိုက်ကွင်းများ၌ လိုအပ်သော ကောက်ကွက်ဖာခြင်း၊ အသစ်ပြန်လည်စိုက်ပျိုးခြင်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် မျိုးစေ့ပျိုးပင်ဖြန့်ဖြူးခြင်း၊ တိုက်ရိုက်မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက် အသုံးပြုနိုင်ရေး၊ တောင်သူများ၏ လိုအပ်ချက်အပေါ် ဖြည့်ဆည်းကူညီပေးနိုင်ရေးတို့အတွက် ဒေသအစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် ဦးစီးဌာနများအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်ထားရှိမှုကို ဆွေးနွေးတင်ပြကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရေကြီးရေလွှမ်းမှုဒဏ်ထိခိုက်ခံခဲ့ရသည့် ဒေသနေပြည်သူများအတွက် အစားအစာများ၊ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ အထောက်အပံ့များဆောင်ရွက်ပေးခြင်း၊ တိရစ္ဆာန်ဆေးဝါးများ ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်ဆေးများနှင့် မွေးမြူကုသရေးဆိုင်ရာ ကျွမ်းကျင်သူများ တာဝန်ချစေလွှတ်ခြင်း၊  မိသားစုအသုံးအဆောင်ပစ္စည်း ဖြန့်ဝေပေးခြင်း၊ ကျေးလက်သောက်သုံးရေတွင်း ရေကန်များ ပြန်လည်အသုံးပြုနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်