နေပြည်တော် ၁၃ သြဂုတ် 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် BPI ဆေးဝါးစက်ရုံအနီး၌ AA/xxxx Toyota Corolla အငှားယာဉ်မောင်း အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ဦးခင်မောင်ရီ (၅၈)နှစ်အား သြဂုတ် ၁၂ ရက် နံနက် ၂ နာရီ ၃၅ မိနစ်က ၎င်းယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးက ဓားထောက်လုယက်နေကြောင်းနှင့် လှည်းတန်းဘက်သို့ မောင်းနှင်သွားကြောင်း သတင်းအရ ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ လှိုင်မြို့နယ်၊ (၁)ရပ်ကွက် ဘူတာရုံမှတ်တိုင်အနီးအရောက်၌ လုယက်သူ အမျိုးသား ၂ ဦးမှာ အဆိုပါယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသွားပြီး ၎င်းအမျိုးသား ၂ ဦးအနက် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ကျန်အမျိုးသား ၁ ဦးမှာ ဘူတာရုံလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ အကျယ် ၄ ပေ၊ အနက် ၄ ပေခန့်ရှိ ရေမြောင်းအတွင်းသို့ ခုန်ချသွားသဖြင့် ရှာဖွေရာ မိနစ် ၃၀ ခန့်အကြာတွင် ၎င်းအား ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

လုယက်ခံရသူ ဦးခင်မောင်ရီအား စစ်ဆေးမေးမြန်းရာ အမျိုးသား ၂ ဦးက ကမာရွတ်မြို့နယ် လှည်းတန်းဈေးမှ ဘုရင့်နောင်ကားဝင်းသို့ ပို့ဆောင်ပေးရန် ငှားရမ်းသဖြင့်လိုက်ပါခဲ့ကြောင်း၊ BPI ဆေးဝါးစက်ရုံအနီးအရောက်၌ ၎င်းအမျိုးသား ၂ ဦးက လည်ပင်းအား ဓားဖြင့်ထောက်ပြီး ၎င်း၏လက်ကိုင်ဖုန်းနှင့် ငွေ ၂၀ဝ၀ဝ ကျပ်တို့အား လုယူရန်ကြိုးစားခဲ့ကြောင်း၊ ထိုသို့လုယက်နေသည်ကို အနီးတွင်ဖြတ်သွားသော အငှားယာဉ်ပေါ်ရှိ ခရီးသည် ၁ ဦးက တွေ့မြင်သွားသဖြင့် လုယက်သူအမျိုးသား ၂ ဦးက ယာဉ်အား မရပ်မနားမောင်းနှင်ခိုင်းပြီး ထွက်ပြေးရန် ကြိုးစားခြင်းဖြစ်ကြောင်း၊ လှိုင်မြို့နယ်၊ ဘူတာရုံမှတ်တိုင်အနီးအရောက်၌ ၎င်းတို့ ၂ ဦးမှာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရပြီး ရေနစ်သေဆုံးသည့် အမျိုးသား သေဆုံးမှုအား လှိုင်မြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၉) ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့မရဲစခန်း၌ (ပ)၁၅၉၀/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၃ ဖြင့်လည်းကောင်း အမှုဖွင့်ဆောင်ရွက်ခဲ့သည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် နယ်မြေအတွင်း သတင်းရယူစုံစမ်းခဲ့ရာ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးရပ်ကွက်နေ၊ စိုးစိုးထိုက် (၃၆)နှစ်၏ ပြောပြချက်အရ သေဆုံးသူမှာ ၎င်း၏ညီဖြစ်သူ တစ်ရပ်ကွက်တည်းနေ မျိုးလှိုင်ဝင်း (၂၀)နှစ်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူမှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရွာသစ်ကျေးရွာနေ ကိုကိုလွင် (၂၂)နှစ်ဖြစ်ကြောင်း သိရှိရ၍ လိုက်လံဖမ်းဆီးရာ ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေး၌ ကိုကိုလွင်အား ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား