နေပြည်တော် ၁၃ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်နေ ဦးစိန်သန်း (၅၈)နှစ်သည် သြဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ၎င်းမောင်းနှင်သည့် AA/xxxx Toyota Caldina အငှားယာဉ်အား ကြည့်မြင်တိုင်မြို့နယ်၊ စက်ကလေးရပ်ကွက်နေ ကျော်ရှိန်း (ခ) မီးခဲ (၂၈)နှစ်နှင့် လှိုင်သာယာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မသော်ဇင်ရှိန်းကို (ခ) ရှမ်းလေး (၂၃)နှစ်တို့က ယုဇနဥယျာဉ်မြို့တော်သို့ ပို့ဆောင်ပေးရန် ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ခဲ့ရာ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားမြိုင်လမ်းထိပ်အရောက်၌ ကျော်ရှိန်း(ခ)မီးခဲက အပေါ့သွားလိုကြောင်း ပြောဆိုသဖြင့် ရပ်တန့်ပေးပြီး ပြန်လည်ထွက်ခွာစဉ် ၎င်းက ဦးစိန်သန်း၏လည်ပင်းအား ဓားဖြင့်ထောက်၍ ပါလာသည့် ငွေနှင့်ပစ္စည်းများပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ၎င်းနောက် ဦးစိန်သန်းမှာ ယာဉ်အား သတိထား၍ ဖြေးညှင်းစွာမောင်းနှင်ခဲ့ရာ မြဝတီစက်သုံးဆီအရောင်းဆိုင် အနီးအရောက်၌ ယာဉ်ပေါ်မှခုန်ဆင်း၍ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံခဲ့ရာမှ အနီးရှိခရီးသွားပြည်သူများက ၎င်းတို့ ၂ ဦးအား ဝိုင်းဝန်းဖမ်းဆီးပေးခဲ့၍ ဖမ်းဆီးရမိခဲ့ပြီး အရေးယူပေးရန် တိုင်တန်းချက်အရ ကျော်ရှိန်း (ခ) မီးခဲပါ ၂ ဦးအား ဗဟန်းမြို့မရဲစခန်း၌ (ပ)၁၇၀၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၃ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား