နေပြည်တော် ၁၃ သြဂုတ်
အခြေခံဆရာခန့်ထားမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံ အမှတ်(၁၃)၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးရှိသော ပညာစနစ်ကို ဦးတည်အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ အရည်အချင်းရှိသူ၊ တော်သူများအား ဆရာ ဆရာမ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းနှင့် အခွင့်အလမ်းများမြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ပါကြောင်း၊ (၂)နှစ်သင် ပညာရေးကောလိပ်များကိုလည်း (၄)နှစ်သင်ပညာရေး ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အရည်အချင်းနှင့်အတွေ့အကြုံရှိသော မူလတန်းပြ ဆရာဆရာမများကို ရာထူးတိုးစနစ်ကြောင့် ဆုံးရှုံးနေရခြင်းကြောင့် အရည်အသွေးရှိသော ပညာရေးစနစ်ကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေပါကြောင်း၊ နှစ်ပေါင်းများစွာ ဆရာဆရာမ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ အားကစားကွင်းစသည်ဖြင့် လိုအပ်ချက်များအင်မတန် များပြားသဖြင့် ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ နိုင်ငံတော်ဘဏ္ဍာငွေကို အကျိုးရှိထိရောက်စွာ အသုံးပြု၍ ဖြည့်ဆည်းနိုင်ရေးကြိုးပမ်းနေပါကြောင်း၊ ထိုလိုအပ်ချက်များကို ဦးစားပေးအလိုက် စာရင်းများပြုစုတင်ပြရန် လိုအပ်ပါကြောင်း၊ ရရှိသည့်နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေများအား လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်ချက်များ အဆင့်ဆင့်ဖြည့်ဆည်းနိုင်ရေး ထိရောက်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းမခံပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံ/အဆင့်မြင့် ဆရာဆရာမများ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ၏ တင်ပြချက်၊ အသံများကိုလည်း လေးစားစွာနားထောင်၍ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မိမိတို့၏ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက်လိုအပ်နေသည့် အရည်အချင်းပြည့်ဝပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဆရာများခန့်ထားနိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသားကျောင်းသူ၊လူငယ်များ ပြုစုပျိုးထောင်နိုင်ရေးအတွက် အလေးထားဦးတည် ဆွေးနွေးညှိနှိုင်းကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးကောလိပ်၊ အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂ ကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များက အခြေခံဆရာခန့်ထားမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ပြန်လည်ဆွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြသည်။
ယနေ့အစည်းအဝေးသို့ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ဆရာ သမဂ္ဂ/ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


