နေပြည်တော် ၁၃ သြဂုတ် 

နိုင်ငံအဝန်းဖွင့်လှစ်ထားရှိသော မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများက ဆောင်ရွက်ပေးလျက်ရှိသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေးနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း စာရင်းပိတ်လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောင်းလဲလာသော ဘဏ်လုပ်ငန်းစနစ်များနှင့်အညီ လုံခြုံ၍ကောင်းမွန်သော ငွေကြေးနှင့်ဘဏ် လုပ်ငန်းဝန်ဆောင်မှုများပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီလိုက်ပါ ဆောင်ရွက်နိုင်ရန် အသိပညာအတတ်ပညာများကို အမြဲမပြတ်လေ့လာ သင်ယူဖို့လိုအပ်ပါကြောင်း၊ ရုံးချုပ်ဌာနကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဘဏ်ခွဲများအပေါ် မျက်ခြေမပြတ် ကြီးကြပ်မှုရှိရန် လိုအပ်ပါကြောင်း၊ တာဝန်ယူတာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို သြဂုတ် ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဌာနအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မန်နေဂျာများ၊ ခရိုင်ဘဏ်ခွဲမန်နေဂျာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်