မြိတ် ၁၃ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့်   တံတားအလယ်မှ ပေ(၁၀ဝ)ခန့် ပြတ်တောက်ပျက်စီးခဲ့သော တောင်းရှည်ချောင်းကူး သစ်သားတံတားကို တံတားဦးစီးဌာနမှ သြဂုတ် ၁၃ ရက် နံနက်ပိုင်းမှစ၍ ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

2.232

 

တောင်းရှည်ချောင်းကူးတံတားသည် ကြေးနန်းတိုင်-နန်းတော်ရာ ကျေးလက်လမ်းပေါ်တွင် တည်ရှိသော တံတားဖြစ်ပြီး ကျေးရွာ(၁၀)ရွာကျော်မှ ပြည်သူများ နေ့စဉ်ဖြတ်သန်းနေသော တံတားတစ်စင်းဖြစ်သည်။ ချောင်းရေတိုက်စားမှုကြောင့် တံတားပျက်စီးခဲ့ရာ ပြည်သူများ ခရီးသွားလာမှု အခက်အခဲများဖြစ်ခဲ့ရပြီး ပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ပျက်စီးသွားသော တံတားအစိတ်အပိုင်းအား တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉)မှ ပစ္စည်းများစုဆောင်းပြီး  ပြုပြင်တည်ဆောက်လျက်ရှိသည်။

 

5.36

 

ပျက်စီးသွားသော တံတားအစိတ်အပိုင်းကို  တစ်ပတ်အတွင်း ပြီးစီးအောင် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့ (၉)မှ သိရသည်။ ပျက်စီးခဲ့သည့် သစ်သားတံတားအနီး၌  တောင်းရှည်ချောင်းကူး အရှည်(၂၉၅)ပေ အကျယ်(၁၈)ပေရှိ သံကူကွန်ကရစ်တံတား အသစ်တစ်စီးကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉)မှ တည်ဆောက်လျက်ရှိကြောင်း သိရသည်။    

ခိုင်ထူး (မြိတ် ပြန်/ဆက်)