နေပြည်တော် ၁၃ သြဂုတ်

ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။

ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ အားကစား သမားများအဖြစ် ဂိုး-မေဇင်နွယ်၊ သန္တာဦး (မြဝတီ)၊ ခိုင်ဇာဝင်း (အား/ကာ)၊ နောက်တန်း- အိရတနာဖြိုး၊ ဝေဝေအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း (YREO)၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ ခင်မာလာထွန်း၊ သင်းသင်းယု၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ မေသူကျော် (မြဝတီ)၊ ရှေ့တန်း-ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ နုနု၊ ရီရီဦး (အား/ကာသိပ္ပံ)နှင့် ဝင်းသိင်္ဂီထွန်း (မြဝတီ) တို့ ပါဝင်ကြသည်။

ယင်းပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် သြဂုတ် ၁၆ ရက်တွင် အင်ဒိုနီးရှားအသင်း၊ သြဂုတ် ၁၈ ရက်တွင် ကမ္ဘောဒီးယား အသင်း၊ သြဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ဇွန်ဒုတိယပတ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး နှစ်လကျော် အချိန်ယူ ပြင်ဆင်ခဲ့သော်လည်း နိုင်ငံတကာ ခြေစမ်းပွဲကစားခွင့် မရခဲ့ဘဲ ပြည်တွင်းခြေစမ်းပွဲများသာ ကစားပြီး သွားရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်