ကြာအင်းဆိပ်ကြီး ၁၃ ဩဂုတ်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရေဘေးရှောင်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်က ရေဘေးရှောင်ပြည်သူများအား အားပေးစကား ပြောကြားပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရေဘေးရှောင် ပြည်သူများအတွက် ဆန်အိတ်၊ စားသုံးဆီ၊ အာလူး၊ ကြက်သွန်နီ၊ ပဲ၊ နို့ဆီ၊ မာမားခေါက်ဆွဲခြောက်၊ ရေသန့်ဗူး၊ လက်ဖက်ရည်၊ ကော်ဖီထုတ်နှင့် အရေးပေါ်သုံး ပစ္စည်းများ စသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ပထမအပတ်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဇမိမြစ်ရေလျှံကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူနေအိမ်များသို့ ရေများဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းတွင် ယာယီနေထိုင်လျက်ရှိသည်။
အဆိုပါ စားသောက်ကုန်ပစ္စည်းများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးနှင့် စစ်သည်မိသားစုများက ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


