ရန်ကုန် ၁၃ ဩဂုတ်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် စက်မှုကဏ္ဍမှ လုပ်ငန်း(၂)ခု ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၁ ဒသမ ၂၆၅) သန်းနှင့် ငွေကျပ် (၁၈) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၆၉) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း (၄၉) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁၇၅၂) ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၈၀၈၉၂ ဒသမ ဝ၆၁) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၇၂ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၁၈ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၃ ဒသမ ၈၂ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
သတင်းစဉ်


