နေပြည်တော် ၁၃ သြဂုတ် 

မြန်မာနိုင်ငံတစ်ဝန်းတွင် သဘာဝဘေးဒဏ်ခံစားနေရသော ဒေသအသီးသီး၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏   ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်အများစု၌  ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ဒေသတစ်ချို့တွင် ရေများပြန်လည်ကျဆင်းပြီဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများတွင် ရေဘေးရှောင်စခန်း  (၁၆၆)ခု၊ လူဦးရေ (၇၉၃၈၉) ဦး ကျန်ရှိနေသေးကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်  ထောက်ပံ့တန်ဖိုးငွေ ကျပ် ၃၄၄၅ သိန်းကျော်ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ထောက်ပံ့မှုများကို လိုအပ်ချက်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သောက်ရေ၊ သုံးရေသန့်ရှင်းမှုအတွက် အသုံးပြုရန်ရေသန့်ဆေးများကို  ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ထပ်မံလိုအပ် သောရေသန့်ဆေးများကိုလည်း ထပ်မံဖြန့်ဝေသွားရန် စီစဉ်လျက်ရှိကြောင်း၊  ပျက်ဆီးဆုံးရှုံးမှု စာရင်းများကို လတ်တလောအတိအကျ ကောက်ယူရရှိနိုင်ရန် မဖြစ်နိုင်သေးသည်ကိုသိရှိပါကြောင်း၊ သို့သော်လည်း ကနဦးရရှိပြီး စာရင်းများကို စနစ်တကျစုစည်းထားရန် လိုကြောင်း၊ ကုန်ထုတ်လမ်းတံတား ပျက်စီးဆုံးရှုံးမှုများ၊ မိုးစပါးများအပါအဝင် စိုက်ပျိုးသီးနှံများ ရေနစ်မြှုပ်မှုများအတွက် အမြန်ပြန်လည်စိစစ်ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်း၊ ရေများပြန်လည် ကျဆင်းပြီးပါက  ပျက်စီးဆုံးရှုံးမှုစာရင်းကို တိကျစွာကောက်ယူရရှိရေး ယခုအချိန်မှစ၍ ကဏ္ဍ အလိုက် ညှိနှိုင်းစီစဉ်မှုများပြုလုပ်ရန် တိုက်တွန်းလိုကြောင်းနှင့် တက်ရောက်လာကြသော အဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးပေးကြရန်ဖြင့် ပြောကြားသည်။             
    
ထို့နောက် ဘေးသင့်ဒေသများအမြန်ပြန်လည် ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသော ကနဦးစာရင်းကောက်ယူရရှိမှုများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် လိုအပ်သောစက်ယန္တရားများ စီစဉ်ဆောင်ရွက်ပေးနိုင်မှု၊ သဘာဝဘေးဒဏ်ကြောင့်ရရှိသည့် စိတ်သောကဝေဒနာ စိတ်ဒဏ်ရာဒဏ်ချက်များအတွက် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရန် အားပေးနှစ်သိမ့်ဆွေးနွေးမှုနှင့် လိုအပ်ပါက ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် စိတ်ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု နားလည်ကျွမ်းကျင်သည့် ဆရာဝန်များစေလွှတ်၍ ဆောင်ရွက်မည့်အခြေအနေများ၊ မြွဆေိပ်ဖြေဆေးဖြန့်ဝေထားရှိမှု၊ ဘေးသင့်ဒေသများတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အချို့ဒေသများတွင် ဓါတ်အားယာယီဖြတ်တောက်ထားခြင်းဖြစ်ပြီး ရေများပြန်လည်ကျဆင်းပါက ဓါတ်အား အမြန်ဆုံးပြန်ပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားရှိမှု၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် လိုအပ်သောစက်သုံးဆီများ ပံ့ပိုးနိုင်မှု၊ ရေဘေးသင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များ ပြန်လည်ထောက်ပံ့ပေးမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ 

ယင်းနောက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သောကဏ္ဍများအလိုက် ဘတ်ဂျတ်ခွဲဝေထားရှိမှုများ၊ စိုက်ထုတ်အသုံးပြုနိုင်မှု အခြေအနေများကို  ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ထံသို့ အမြန်ပြန်လည်တင်ပြကြရန် တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် နေပြည်တော်ရှိ ဦးသန်းဝင်းလှိုင် + ဒေါ်နီလာအောင် မိသားစု (သိန်းတရာ ရွှေဆိုင်)မှ အလှူငွေကျပ် သိန်း ၅၀ နှင့် DISAC ၊ AFA ၊ ဖူးကက်မြို့ ပရဟိတအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများမှ ကျပ် ၁၀ သိန်းအား မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်