တီဟီရန် ၁၄ ဩဂုတ်
ဗြိတိန်နိုင်ငံက ဖမ်းဆီးထားသော အီရန်ရေနံတင်သင်္ဘောကို မကြာမီအချိန်တွင် ပြန်လည်လွှတ်ပေးရန် မျှော်လင့်ရသည်ဟု အီရန်ဆိပ်ကမ်းနှင့်ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းက သတင်းတစ်ရပ် ထုတ်ပြန်ကြေညာခဲ့ကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းက သတင်းဖော်ပြသည်။
အပြန်အလှန်ဖလှယ်
အီရန်ရေနံတင်သင်္ဘောအား ပြန်လည်လွှတ်ပေးရန်ကိစ္စရပ်နှင့် ပတ်သက်သည့်နှစ်နိုင်ငံတာဝန်ရှိသူများက သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ခဲ့ကြောင်း အီရန်ဆိပ်ကမ်းနှင့် ရေကြောင်းဆိုင်ရာ အ ဖွဲ့အစည်း ဒုတိယအကြီးအကဲ ဂျလီအီစလာမီ၏ ပြောကြားချက်ကိုကိုးကားပြီး ရုပ်သံလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
ဗြိတိန်နိုင်ငံအနေဖြင့် အဆိုပါပဋိပက္ခကို ပြေလည်စေရန် ဆန္ဒရှိပါကြောင်း ဂျလီအီစလာမီက ဆိုသည်။
မကြာမီအချိန်အတွင်း အီရန်ရေနံတင်သင်္ဘောကိုပြန်လည်လွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
စွပ်စွဲခဲ့
ဇူလိုင် ၄ ရက်တွင် ဗြိတိန်တော်ဝင်ရေတပ်ဖွဲ့က ဂီဘရယ်တာရေလက်ကြား၌ အီရန်ရေနံတင်သင်္ဘော ဂရေ့စ် (၁)ကို ဖမ်းဆီးခဲ့သည်။ ဥရောပသမဂ္ဂက ချမှတ်ထားသော ပိတ်ဆို့မှုများကို ဖောက်ဖျက်ကာ ဆီးရီးယား နိုင်ငံသို့ ရေနံများတင်ပို့သည်ဟု စွပ်စွဲခဲ့သည်။
ဇူလိုင် ၁၉ ရက်တွင် အီရန်တော်လှန်ရေးတပ်ဖွဲ့က ဟော်မုဇ်ရေလက်ကြားတွင် နိုင်ငံတကာရေပိုင်နက်စည်း မျဉ်းများကို လိုက်နာခြင်းမရှိသောကြောင့် ဗြိတိန်ရေနံတင်သင်္ဘော စတီနာအမ်ပီယိုအား ဖမ်းဆီးခဲ့သည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်-အောင်ကျော်ကျော်