မတ္တရာ ၁၁  သြဂုတ် 


မန္တလေးတိုင်းဒေသကြီး၊ ပြင်းဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စုတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ပြုံးပွဲတော်ကို ရထားဖြင့်သွားသော ခရီးသည်များ ယခင်နှစ်ထက် နည်းပါးလျက်ရှိကြောင်း သိရသည်။


တောင်ပြုံးပွဲတော်ရက်ဖြစ်သော ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်အထိ သရဲဈေး၊ အိုးဘို၊ တောင်ပြုံး၊ မတ္တရာ စသည့် ဘူတာ (၄) ဘူတာသို့ တစ်နေ့လျှင် ၆ ကြိမ် ရထားပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးဘူတာမှ ရထားစီးနင်းသူဦးရေသည် ယခင်နှစ် ဝါခေါင်လဆန်း ၈ ရက်တွင် ၄၀၃၀ ဦး ရှိသော်လည်း ယခုနှစ်တွင် ၂၃၆၁ ဦးသာရှိကြောင်း၊ ယခင်နှစ် ဝါခေါင်လဆန်း ၉ ရက်တွင် ၂၀၇၇ ဦးရှိပြီး ယခုနှစ်တွင် ၁၆၄၃ ဦးသာရှိကြောင်း၊ ယခင်နှစ် ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ရထားစီးနှင်းသူမှာ ၂၃၁၈ ဦးရှိပြီး ယခုနှစ်တွင်  ၂၂၈၅ ဦးသာရှိကြောင်း နှင့် ယခင်နှစ် ဝါခေါင်လဆန်း ၁၁ ရက် တွင် ၇၆၃၀ ဦးရှိပြီး ယခုနှစ်တွင် ၆၃၁၈ ဦးသာရှိကြောင်း အမှတ် ၃ မန္တလေးတိုင်း  လက်ထောက်ပို့ဆောင်ရေး မန်နေဂျာ သွားလာရေးဌာန ထံမှ သိရသည်။


“ ရထားစီးရတာ ဈေးလည်းအရမ်းသက်သာတယ်။ ဆိုင်ကယ်၊ ကားတွေနဲ့လာရင် လမ်းကြပ်တာတို့ နေပူတာတို့ရှိတယ်။ ရထားနဲ့သွားရတာက ပျော်စရာလည်း ကောင်းတယ်။ အတွေ့ကြုံသစ်လည်းရတော့ ကျွန်တော်တို့ အနေနဲ့တော့ သဘောကျပါတယ်။” ဟု မန္တလေးမှ တောင်ပြုံးနတ်ပွဲသို့ ရထားဖြင့် လာရောက်သည့် ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။


မန္တလေး - သရဲဈေးဘူတာမှ အဆန်ရထားသည် မနက် ၆ နာရီ  မိနစ် ၅၀ တွင် တစ်ကြိမ်၊ မနက် ၉ နာရီတွင် တစ်ကြိမ်၊ နေ့လည် ၁၁ နာရီတွင် တစ်ကြိမ်၊ နေ့လည် ၁နာရီ ၁၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃နာရီခွဲတွင် တစ်ကြိမ်နှင့် ည ၇ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ် အိုးဘို- တောင်ပြုံး - မတ္တရာ ဘူတာများသို့ ပြေးဆွဲပေးလျက်ရှိသည်။


တောင်ပြုံးဘူတာမှ အစုန်ရထားသည် မနက် ၇ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ်၊ မနက် ၉ နာရီ ၅၂ မိနစ်တွင် တစ်ကြိမ်၊ နေ့လည် ၁၁ နာရီ  ၅၇ မိနစ်တွင် တစ်ကြိမ်၊ နေ့လည် ၂ နာရီ ၁၂ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီ ၂၂ မိနစ်တွင် တစ်ကြိမ်နှင့် ည ၈နာရီ ၁၇ မိနစ်တွင် တစ်ကြိမ် အိုးဘို-သရဲဈေး ဘူတာများသို့ ပြေးဆွဲပေးလျက်ရှိပြီး မန္တလေးမှ တောင်ပြုံးသို့ လက်မှတ်ခ ၁၀ဝ ကျပ် ကောက်ခံကြောင်း သိရသည်။


ထို့ပြင် တောင်ပြုံးပွဲတော်သို့ လာရောက်သူများနှင့် ဈေးဆိုင်ခန်းများမှာလည်း အရင်နှစ်ကထက် ယခုနှစ်တွင် ပိုနည်းကြောင်း ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား ဂေါပကထံမှ သိရသည်။


တင်ဇာလှိုင် (ပြန်/ဆက်)