ပွင့်ဖြူ   ၁၄   ဩဂုတ်    


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက မုန်းချောင်းကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ်တစ်လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 


ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာသည် မုန်းချောင်းကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး ယနေ့ နံနက်ပိုင်းက ရေတိုက်စားမှုကြောင့် မုန်းချောင်းကမ်းပါးပြိုကျမှုမှာ ကျေးရွာနှင့် အလွန်နီးကပ်လာသည်။ ဒေသခံပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်းပူးပေါင်းကာ ဦးမြင့်မောင်၏ နေအိမ်အား ဘေးလွတ်ရာသို့ ဝိုင်းဝန်းကူညီ ပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရပြီး၊ ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


ယခုလက်ရှိတွင် အဆိုပါ ပြောင်းရွှေ့ရသည့် နေအိမ်အတွက် နေရေးထိုင်ရေးနှင့် ထောက်ပံ့ကူညီမှုများရရှိရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   


ရဲဝင်းနိုင် (ညောင်ဦး)