အမာ  ၁၄ သြဂုတ်


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့တွင် လေဘေးသင့်မိသားစုများ အိမ်ပြန်ပြင်ဆောက်လုပ်နိုင်ရန်နှင့် တစ်ပတ်စာ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဖျာပုံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူများက လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သြဂုတ်ငါးရက်နေ့က ဂေါ်ဒူကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ပြီး လူနေအိမ်သုံးလုံး ပြိုကျကာ (၃၄)လုံး အမိုးလန်ပျက်စီးခဲ့သည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဖျာပုံခရိုင်ရုံးမှ အိမ်ပြိုကျပျက်စီးသည့် မိသားစုများ အိမ်ပြင်ဆောက်လုပ်နိုင်ရန် ငွေကျပ်တစ်သိန်းစီနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံးတစ်ပုံးစီ၊ အမိုးလန်ပျက်စီးခဲ့သော မိသားစု(၃၄)စုအတွက်အိမ်မိုးရန် ငွေကျပ်သုံးသောင်းစီနှင့် မိသားစု(၃၇)စုလူဦးရေ(၁၇၃)ဦးအတွက် တစ်ပတ်စာဆန်ဖိုးများစုစုပေါင်း(၁၆၈၃၃၀ဝ)ကျပ်အား မိသားစုများ လက်ထဲအရောက် ထောက်ပံ့ပေးခဲ့သည်။


ထောက်ပံ့ပေးအပ်ပွဲသို့ အမာမြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဘဝသစ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဂေါ်ဒူကျေးရွာနယ်မြေမှူးနှင့် လေဘေးသင့်မိသားစုများ တက်ရောက်ခဲ့ကြောင်း သိရှိရ၊


ဝင်းမြင့်အောင်(ပြန်/ဆက်)