မူဆယ် ၁၄ သြဂုတ်


ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး ရှောင်ကွင်းလမ်းတွင် သြဂုတ်လ(၁၃)ရက် ည၇ နာရီခန့်က စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသော ကုန်ပစ္စည်းများ တရားမဝင် တင်ဆောင်ထားသော ခြောက်ဘီးယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာမူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများက ကုန်သွယ်ရေးဇုန်ရှောင်ကွင်းလမ်းများတွင် ကုန်ပစ္စည်းများတင်ဆောင်ပြီး မော်တော်ယာဉ်များ တရားမဝင် မောင်းနှင်သွားလာနေကြောင်း သတင်းအရ လှည့်ကင်းဆောင်ရွက်စဉ် ကိုအောင်မြင့်သောင်း အသက်(၃၀) ရွှေဘို မြို့ စခတ(၈)တွင်နေထိုင်သူ မောင်းနှင်လာသော မော်တော်ယာဉ်အမှတ် SHN 7p/-----(Fuso)ဖူဆိုအမျိုးအစား ခြောက်ဘီးယာဉ်အပြာရောင်ပေါ်တွင် တရုတ်နိုင်ငံထုတ်စားသောက်ကုန်များ တင်ဆောင်ပြီး မူဆယ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာစဉ် မိုင်းယုကျေးရွာ စုစည်းရပ်ကွက် အရန်မီးသတ်ရုံးရှေ့အရောက် အဆိုပါမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးကာ 
ကုန်သွယ်ရေးဇုန်ကုန်ပစ္စည်းစစ်ဆေးရေးကွင်းအတွင်းသို့ ခေါ်ဆောင်လာပြီး ယာယီထိန်းသိမ်းထားခဲ့သည်။


ဆက်လက်၍ သြဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းတွင် (OSS)အဖွဲ့များနှင့် ကုန်တင်ကုန်ချ အလုပ်သမားများဖြင့် အသေးစိတ် ဖွင့်ဖောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရုတ်နိုင်ငံထုတ် တရုတ်ဘီယာ ၊ ခေါက်ဆွဲခြောက်၊ မှိုခြောက်၊ တို့ဟူးခြောက်၊ အသားပြား ပဲငပိ ၊ အသားတု ၊ကလေးကစားစရာအရုပ်များနှင့် စောင်ထည်ပစ္စည်းများကို စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ အထောက်အထားမဲ့ တင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။


ဆက်လက်၍ အဆိုပါ တရားမဝင် အ​ကောက်ခွန်မဲ့ ကုန်ပစ္စည်းများတင်ဆောင်ထားသော မော်တော်ယာဉ်နှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများအား ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


သန့်စင်(မူဆယ်)

 

1