ဝါးခယ်မ ၁၄ သြဂုတ်
မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများ အချိန်မီ သိရှိခြင်းသည် လွဲမှားသော အမူအကျင့်များကို ရှောင်ရှားရန် အထောက်အကူ ဖြစ်စေသည့်အတွက် အိမ်ထောင်ရှင် အမျိုးသမီးများအား အသိပညာပေး ဟောပြောခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ဝါးခယ်မမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
"အခုလို မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေကို ဝါးခယ်မမြို့နယ်အတွင်း လှေကျင်းရပ်ကွက်၊ သံကြိုးတိုင်ရပ်ကွက်၊ ထော်ကနွတ်ရပ်ကွက်၊ သော်ကရပ်ကွက်တွေမှာ ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမှာပါ။ အဓိကတော့ မျိုးဆက်ပွား ကျန်းမားရေးနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အသိမဖြစ်စေဖို့၊ ကောင်းမွန်တဲ့ ဗဟုသုတ ရရှိစေဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်" ဟု မာရီစတုပ်စ် (မြန်မာ) Regional Field Co.ordinator ဦးအောင်မြတ်ခိုင်က ပြောသည်။
အသိပညာပေး ဟောပြောပွဲသို့ မြို့ပေါ်ရပ်ကွက် အသီးသီးမှ မိခင်နှင့်ကလေး အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အိမ်ထောင်ရှင် အမျိုးသမီးများ တက်ရောက်ခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မျိုးမင်းဇော်နှင့် မာရီစတုပ်စ် (မြန်မာ) မှ ဦးအောင်မြတ်ခိုင်တို့က HIV/ ကာလသားရောဂါများနှင့် ပတ်သက်၍ လည်းကောင်း၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်စဉ်များ၊ သားဆက်ခြား နည်းလမ်းအမျိုးနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အိမ်ထောင်ရှင် အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေး ကာကွယ်ပေးခြင်းကို သြဂုတ် ၁၅ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ မာရီစတုပ်စ် (မြန်မာ) မှ တာဝန်ရှိသူများက အခမဲ့ စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)


