ရန်ကုန် ၁၄ သြဂုတ်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရွှေတိဂုံစေတီတော် အစည်းအဝေးခန်းမ၌ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စေတီတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်အညီ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ဂေါပကအဖွဲ့ဝင်များအား အသစ်ခန့်အပ်စေခဲ့ပြီး စေတီတော်မြတ်ကြီး၏ ထာဝရဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း။
ရွှေတိဂုံစေတီတော်မြတ်ကြီး ဝတ္ထုကံမြေ လုံခြုံရေးအဆင့်မြှင့်တင်ခြင်းအတွက် နည်းပညာဆိုင်ရာ လုံခြုံရေးစက်ပစ္စည်းများ တပ်ဆင်နိုင်ရေး တင်ဒါခေါ်ယူရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ နည်းပညာအကြံပေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်၍ တင်ဒါခေါ်ယူရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး အမြန်ဆုံးတင်ဒါ ခေါ်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းရန်အတွက် တည်ဆောက်ထားသော ရွှေပြားကြိတ်စက်ရုံမှ အရည်အသွေး ပြည့်ဝကောင်းမွန်သည့် ရွှေစင်ရွှေပြားများ ထုတ်လုပ်လျက်ရှိရာ မတ် ၁၈ ရက်မှ သြဂုတ် ၂ ရက်အထိ ရွှေစင် ရွှေပြား ၁၉၇ ချပ် ထုတ်လုပ်ပြီးဖြစ်ကြောင်း။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေစင်ရွှေပြား သင်္ကန်းတော်များနှင့် ရွှေမြတ်ပါး၊ ရွှေဆိုင်းကပ်လှူရာတွင် အရည်အသွေး၊ အရွယ်အစား၊ ထုထည်ပမာဏ၊ အရောင်အဆင်းများ ညီညာမှုရှိစေရန် အရည်အသွေးစစ်ဆေးရန် လိုအပ်ကြောင်း၊ စေတီတော် ဝတ္ထုကံမြေလုံခြုံရေး အဆင့်မြှင့်တင်ခြင်း နည်းပညာဆိုင်ရာ လုံခြုံရေးစက်ပစ္စည်းများ တပ်ဆင်နိုင်ရေးအတွက် တပ်ဆင်မည့်အရေအတွက်၊ အရည်အသွေး၊ ပုံစံဒီဇိုင်းတို့ကို ကြမ်းခင်းဈေးကော်မတီက ကြမ်းခင်းဈေးတွက်ချက်၍ တိုင်းဒေသကြီး ခွင့်ပြုချက်ရယူပြီး သတင်းစာတွင် ကြော်ငြာထည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Command Center လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရေရှည် ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ရွှေတိဂုံစေတီတော်ကို နိုင်ငံတော်အဆင့် တာဝန်ယူဆောင်ရွက်နေမှုလုပ်ငန်းနှင့် စေတီတော်မြတ်ကြီးအား ရေရှည်တည်တံ့ခိုင်မြဲစေရန် နည်းပညာသစ်များဖြင့် ပြင်ဆင်ဆောင်ရွက်မှုတို့ကို ဆွေးနွေးသည်။
ထို့နောက် အလှည့်ကျသဘာပတိ ဦးသောင်းထိုက်နှင့် ဂေါပကအဖွဲ့ဝင်များက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး သပ္ပါယ်စွာ အရှည်တည်တံ့ခိုင်မြဲရေးအတွက် စေတီတော်တွင် ကပ်လှူထားသော ရွှေသင်္ကန်းတော်များဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်လျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ ပညာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ပူးပေါင်း၍ အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲ (Workshop on Gold Gilding Technology for Shwedagon Pagoda, Myanmar) ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


