နေပြည်တော် ၁၄ သြဂုတ်
သမဝါယမအသေးစားငွေကြေး ဝန်ဆောင်မှုချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ်(၁၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သမဝါယမအသေးစားငွေကြေး ဝန်ဆောင်မှုချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဗဟိုသမဝါယမအသင်းဉက္ကဋ္ဌ ဦးခင်မောင်အေးက သမဝါယမအသေးစားငွေကြေး ဝန်ဆောင်မှုချေးငွေလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်ရန်များနှင့် အစည်းအဝေးကဆုံးဖြတ်ရန် ကိစ္စရပ်များကို ဖတ်ကြားတင်ပြသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် သမဝါယမကဏ္ဍက ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခက်အခဲနှင့် စိန်ခေါ်မှုများ အောင်မြင်စွာ ဖြတ်ကျော်နိုင်ရေးနှင့် ရင်းနှီးငွေရရှိစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် (China EXIM Bank) မှ အမေရိကန်ဒေါ်လာ သန်း(၄၀ဝ)ကို (၁၀)နှစ်တာ ကာလရယူပြီး အသင်းသားများ အရင်းအနှီးချေးငွေရရှိရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဉီးစီးဌာနနှင့် အသင်းအဆင့်ဆင့်တို့ လိုက်နာဆောင်ရွက်ရမည့် China EXIM Bank ချေးငွေထုတ်ချေးမည့် လုပ်ငန်းအစီအစဉ်ညွှန်ကြားလွှာနှင့် အခြားလိုက်နာ ကျင့်သုံးရမည့်မူဝါဒများအား သီးခြားညွှန်ကြားချက်အဖြစ် ပြည့်စုံစွာ ထုတ်ပြန်ဆောင်ရွက်ထားရှိပြီး သမဝါယမအသေးစားငွေကြေး ဝန်ဆောင်မှုချေးငွေလုပ်ငန်းကြီးကြပ်မှုကို ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်မှု ကော်မတီနှင့် မြို့နယ်ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
ယနေ့အစည်းအဝေးတွင် ချေးငွေများထုတ်ချေးခြင်း၊ ကောက်ခံခြင်း၊ အကျိုးအမြတ်ခွဲဝေခြင်း၊ ပြန်လည်ပေးဆပ်ခြင်းဆိုင်ရာများ၊ အသင်းသားတောင်သူများ သက်သာစေရေးအတွက် ပြန်လည်ကောက်ခံဆောင်ရွက်သင့်သည့် အရင်းနှင့် ကျသင့်အတိုးဆိုင်ရာများ၊ ထုတ်ချေးငွေ၏ (၁၀)ရာခိုင်နှုန်း စုဆောင်းစေခြင်းအတွက် အသင်းသားတောင်သူများ၏ ဆန္ဒသဘောထားဆိုင်ရာများ၊ တွေ့ကြုံနေရသည့်အခက်အခဲ၊ လုပ်ဆောင်သင့်သည့် အကြံဉာဏ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


