နေပြည်တော် ၁၄ သြဂုတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Saurabh Kumar နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ-၁ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ (၇)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မတီ (Joint Trade Committee -JTC) အစည်းအဝေးနှင့် (၆) ကြိမ်မြောက် India-CLMV Business Conclave အခမ်းအနားတို့အား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး၊ အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် ကုန်စည်ပြပွဲများတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံအား အိန္ဒိယနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဈေးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍများ အပါအဝင် ကုန်သွယ်မှုဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


