ရန်ကုန် ၁၄ သြဂုတ် 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အဆင့်မြင့်ပညာကဏ္ဍ တတိယအကြိမ် မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က နိုင်ငံတော်သစ် တည်ဆောက်သည့်နေရာတွင် ကျောင်းသားလူငယ်များကို အနာဂတ်ခေါင်းဆောင်များအဖြစ် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင်မိမိစာပေ၊ မိမိဘာသာစကားကိုအလေးထားသည့် အတွက်မိမိတို့နိုင်ငံတွင်လည်း မိမိဘာသာစကားကို လူငယ်များက အမြတ်တနိုးထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိကြောင်းပြောကြားသည်။

အခမ်းအနားသို့ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ မြန်မာဘာသာစကားကို စိတ်ပါဝင်စားသူ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ပြိုင်ပွဲနှင့်ပတ်သက်၍ အဆင့်မြင့်ပညာကဏ္ဍ တတိယအကြိမ် မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ကျင်းပရေးကော်မတီအတွင်းရေးမှူး ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာအောင်မြင့်ဦးက "နောင်အနာ ဂတ်မှာခေါင်းဆောင်ဖြစ် လာမယ့် ကျောင်းသားလူငယ်တွေ မြန်မာဘာသာစကား စွမ်းရည်ဖွံ့ဖြိုးတိုးတက်ဖို့၊ မြန်မာဘာသာစကားကိုထိန်းသိမ်းဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီပြိုင်ပွဲကျင်းပရခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲမှာတက္ကသိုလ်၊ ကောလိပ်အဆင့်အဆင့် သုံးဆင့် ခွဲပြီး ပထမအဆင့်က ကျောင်းတွင်းပြိုင်ရပါတယ်။ ဒုတိယအဆင့်က အောက်မြန်မာပြည်၊ အထက်မြန်မာပြည်ခွဲပြီး ပြိုင်ရတယ်။ အခုအောက်မြန်မာပြည်က ၁၈ ဦး၊ အထက် မြန်မာပြည်က ၁၈ ဦးစုစုပေါင်း ၃၆ ဦးဗဟိုအဆင့်အနေနဲ့ ဒီနေ့ပြိုင်မှာပါ။ ပြိုင်ပွဲမှာ စွမ်းရည်သုံးရပ်ဖြစ်တဲ့ အရေးစွမ်းရည်၊ အဖတ်စွမ်းရည်နဲ့ အပြောစွမ်းရည်တွေ ပြိုင်ကြ ရမှာပါ။ ပြိုင်တဲ့အခါ စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော၊ စကားရည် လုပြိုင်ပွဲ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲနဲ့ ရသစာတမ်းဖတ်ပွဲဆိုပြီး ခြောက်မျိုးပြိုင်ရမှာပါ။ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ကျောင်းသားကျောင်းသူတွေလည်း လာပြိုင်ကြပါတယ်။ မြန်မာဘာသာ စကားမြှင့်တင်ဖို့အတွက် နိုင်ငံသားအားလုံးကြိုးပမ်းဖို့ ဆန္ဒပြုချင်ပါတယ်" ဟုပြောသည်။

ပြိုင်ပွဲတွင် ဒိုင်ချုပ်ဖြစ်သူဒေါက်တာခင်သန်းဦး (စာရေးဆရာမ မမိုးမြေ) က "ဒီနေ့ပြိုင်မယ့် ရသစာတမ်းဖတ်ပွဲမှာ မြန်မာဘာသာစကားကို မှန်မှန်ကန်ကန်ပီပီသသ ဌာန်ကရိုဏ်းကျကျ နာပျော်ဖွယ်ဖြစ်အောင်၊ ပြောတတ်ဆိုတတ်အောင် လေ့ကျင့် ပေးတာဖြစ်တဲ့အတွက် သံနေသံထားက အလွန်အရေးကြီးပါတယ်။ ရသစာတမ်းမှာပါတဲ့ အကြောင်းအရာ၊ စာရေးဆရာရဲ့ ခံစားမှုတွေပေါ်လွင်အောင် အသံအနိမ့်အမြင့်ကို ဖတ်ကြားသွားရပါမယ်။ စာသားနဲ့ လိုက်ဖက်အောင် ရွတ်ဖတ်နိုင်ရမယ်။ ဖတ်တဲ့အခါ အဖြတ်အတောက်က အရေးကြီးတယ်။ အဖြတ်အတောက်မှားယွင်းရင် အနက်အဓိပ္ပာယ်တိမ်းစောင်း ပြောင်းလဲသွားနိုင်ပါတယ်။ ရသစာတမ်းသဘောကစာပိုဒ်တိုင်း၊ စာကြောင်းတိုင်း လေးနက်တဲ့အဓိပ္ပာယ်တွေ၊ အနှစ်သာရတွေ ပါပါတယ်။ 

စာရေးဆရာ ကစာအရသာကိုလည်း ခံစားနိုင်အောင်၊ အကြောင်းအရာအတွေးအခေါ်ရဲ့ အရသာကို လည်းခံစားနိုင်အောင် ရေးသားထားတဲ့အတွက် စာသားကိုမှန်ကန်ပီသစွာဖတ်မှနား ထောင်တဲ့ ပရိသတ်ကလည်း စာရဲ့အရသာကိုပေါ်မှာ ဖြစ်ပါတယ်"ဟုပြောသည်။

နည်းပညာတက္ကသိုလ် (သန်လျင်)မှ ပြိုင်ပွဲဝင်ကျောင်းသား မောင်ဝင်းလွင်ဦးက ``မြန်မာစာကိုချစ်တယ်။ မြန်မာစာနဲ့ပတ်သက်တဲ့ပွဲတိုင်း ပြိုင်ဖြစ်တယ်။ ပြိုင်တဲ့အခါ မှာတစ်ယောက်နဲ့တစ်ယောက် သိတာချင်းမတူဘူး၊ အသိပညာဖလှယ်ရင်း အသိပညာတွေ တိုးပွားလာတယ်။ ငယ်စဉ်ကတည်းကမြန်မာစာစီစာကုံး၊ ကဗျာတွေပြိုင်တယ်။ စာတွေဖတ်တယ်။ အခုခေတ်မှာ မြန်မာဘာသာစကား ကိုအလွယ်ရေးလာတယ်။ အပျော်အပျက်ရေးလာတယ်။ အဲဒီလိုရေးလာတာကနေ အတည်ဖြစ်သွားမှာ စိုးတယ်။ တန်ဖိုးကျသွားနိုင်တယ်။ ဒါ့ကြောင့် မြန်မာဘာသာစကား ကိုကျွန်တော်တို့ လူငယ်တွေ အနေနဲ့အတည်တကျ၊ စနစ်တကျရေးစေ၊ ပြောစေချင်ပါတယ် ´´ဟု ပြောသည်။

မြန်မာဘာသာစကားစွမ်းရည် ပထမအကြိမ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၌ စတင်ကျင်းပခဲ့ပြီး ယခုတတိယအကြိမ်ပြိုင်ပွဲကို ယနေ့မှ သြဂုတ်(၁၆)ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) တက္ကသိုလ် ကောလိပ်များမှ ကျောင်းသားကျောင်းသူ ၁၈ ဦး၊ (အထက်မြန်မာပြည်) တက္ကသိုလ် ကောလိပ်များမှ ကျောင်းသား ကျောင်းသူ ၁၈ ဦးစုစုပေါင်း ၃၆ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်း၊ ဓာတ်ပုံ-ရီရီမြင့်