နေပြည်တော် ၁၄ သြဂုတ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ နေပြည်တော်ရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ အသက် (၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦး အရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ သီရိရတနာမူလတန်းကြိုကျောင်း၊ နေပြည်တော်တွင် ကျင်းပသည်။


အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ခေတ်သည် အမျိုးသားနှင့် အမျိုးသမီးများတန်းတူအလုပ်လုပ် ကိုင်ကြရပါကြောင်း၊ အိမ်တစ်အိမ်တွင် ဖခင်ရော မိခင်ပါ အလုပ်လုပ်ကြသည်က များပါကြောင်း၊ မိဘနှစ်ဦး လုံးလုပ်ငန်းခွင်ဝင်ရောက်နေချိန်တွင် ကလေးများကို ပြုစုစောင့်ရှောက်ရေးအတွက် လစ်ဟင်း၍ မရပါကြောင်း၊ ကလေးဘဝတွင် ကောင်းမွန်စွာပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် စွမ်းအင်ပြည့်ဝသည့် လူသားအရင်းအမြစ် ထွက်ပေါ်လာရေးမှာ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများပင်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံသင့် သည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ကလေးငယ်များအားလုံး လွတ်လပ် လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရန်မှာ အထူးပင်အရေးကြီးကြောင်း၊ ရှေ့ဦးအရွယ်ကာလမှပင် စတင်ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အသက်(၆)လမှ (၃)နှစ်အရွယ်သည် နေ့ကလေးထိန်း အရွယ်ဖြစ်ပြီး အသက်(၃)နှစ်မှ (၅)နှစ် အရွယ်သည် မူလတန်းကြိုအရွယ်ဟု အသက်အရွယ် အလိုက်သတ်မှတ်ထားရှိပါကြောင်း၊ နေ့ကလေးထိန်းအရွယ်ကာလသည် ကလေးသူငယ်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြုစုပျိုးထောင်နိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ ဤကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးရရှိနိုင်မည်ဖြစ်သဖြင့် ဤအရွယ်တွင် အမိအရဆောင်ရွက်ရန် အရေးကြီးကြောင်း။

ရပ်ရွာအခြေပြုလုပ်ငန်းများသည် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသော ဒေသများတွင် မူကြိုနည်းပညာများကို ကလေးတိုင်း လက်လှမ်းမီရရှိစေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် အားပေးကူညီလျက်ရှိပါကြောင်း၊ ဌာနအခြေပြု နေ့ကလေးထိန်းဌာနများလည်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ မကြာမီ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရေးအတွက် နည်းပညာနှင့် သင်ထောက်ကူပစ္စည်းများ ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ နေပြည်တော်တွင် လွှတ်တော် နေ့ကလေးထိန်းဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့တွင်လည်း နေ့ကလေးထိန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုဆက်လက်၍လည်း  နေပြည်တော်အတွင်းမှာရှိသည့် ဝန်ကြီးဌာနများတွင် အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်များအား ပြုစုစောင့်ရှောက်နိုင်ရေးအတွက် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အသက် (၂)နှစ်မှ (၃)နှစ်အရွယ်ကာလသည် နည်းစနစ် မှန်ကန်စွာဖြင့် ဖွံ့ဖြိုးရန်လိုအပ်ပါကြောင်း။

အိမ်တစ်အိမ်တွင် တစ်ဦးတည်းနေရသည့်ကလေးထက် နေ့ကလေးထိန်းနှင့် မူလတန်းကြိုကျောင်းတွင် နေရခြင်းဖြင့် အများနှင့်ထိတွေ့မှုရရှိပြီး ကလေးများ ပိုမိုတိုးတက်ပါကြောင်း၊ ကစားခြင်းသည် ကလေးများအတွက် မရှိမဖြစ်အရေးပါ ပါကြောင်း၊ စုပေါင်းကစားခြင်းများကို ထိတွေ့ခံစားရခြင်းကြောင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ အပေးအယူ၏ သဘောသဘာဝကို ငယ်စဉ်ကတည်းက သိရှိနားလည်လာခြင်း၊ သူ့အလှည့် ကိုယ့်အလှည့် နားလည်မှုရှိခြင်းတို့ဖြင့်  လူမှုသဟဇာတဖြစ်ခြင်းကို ဖေါ်ဆောင်နိုင်ကြောင်း၊ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး(၄)မျိုးဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့ကိုလည်း တစ်ပြိုင်နက်ရရှိစေမှာဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ပြီးပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ စိတ်အားထက်သန်စွာ ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် သင်တန်းတက်ရောက်ခြင်းဖြင့် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးအတွက် တစ်တပ်တစ်အား ကူညီပံ့ပိုးပေး နိုင်သူများ ဖြစ်စေပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနများမှ သင်တန်းသူ စုစုပေါင်း (၅၅)ဦး ပါဝင်တက်ရောက်ကြောင်း သိရသည်။ 

သတင်းစဉ်