နေပြည်တော် ၁၄ သြဂုတ်
လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးက အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်ဝင်းက လူ့အခွင့်အရေးနှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြသည်။
ထို့နောက် Pen Myanmar အဖွဲ့ အတွင်းရေးမှူး ဦးဟန်ဇော်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံသဘောတရားများကို ဆွေးနွေးပြောကြားပြီး Pen Myanmar International ၏ ဒါရိုက်တာအဖွဲ့ဝင် မသီတာ(စမ်းချောင်း)က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွှန်းကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် သတင်းအချက်အလက်များ ရရှိပိုင်ခွင့်၏ အခြေခံအယူအဆများ နှင့်အကျိုးကျေးဇူးများ၊ သတင်းအချက်အလက်များရရှိပိုင်ခွင့် ဥပဒေ၏ အဓိက အစိတ်အပိုင်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြသည်။
ယနေ့အလုပ်ရုံဆွေးနွေးပွဲကို သတင်းအချက်အလက်များ ရပိုင်ခွင့်ရှိပြီး အကျင့်ပျက်ခြစားမှုများ လျော့ပါးစေရန်၊ ဒီမိုကရေစီအဆင့်တိုင်းတွင် ပူးပေါင်းပါဝင်လာနိုင်မှု အားကောင်းလာစေရန်နှင့် တာဝန်ယူမှု၊တာဝန်ခံမှုများ ပိုမိုအားကောင်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ Pen Myanmar နှင့် ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


